ယာဂင်ကလော့ပ်က လီဗာပူးအသင်းရဲ့ တတိယမြောက် အသင်းခေါင်းဆောင်ဟာ နယ်သာလန်ခံစစ်သမား ဗန်ဒိုက်ဖြစ်ကြောင်း အတည်ပြုလာခဲ့ပါပြီ။ လီဗာပူးအသင်းသားတွေဟာ ကလပ်အသင်း ကစားသမားတွေအတွင်း မဲပေးမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ မဲပေးမှုဟာ ဂျော်ဒန်ဟန်ဒါဆန်နဲ့ ဂျိမ်းမီလ်နာတို့နောက် တတိယ အသင်းခေါင်းဆောင်နေရာအတွက် အသင်းသားတွေရဲ့ အလိုဆန္ဒအတိုင်း မဲပေးစေမှုဖြစ်ခဲ့တယ်။

လီဗာပူးအသင်းသားတွေ မဲပေးမှုမှာ အသာစီးရခဲ့သူကတော့ နယ်သာလန်အသင်းခေါင်းဆောင်ဖြစ်တဲ့ ဗန်ဒိုက်ပဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားတဲ့ ရတ်စတားဘဲလ်ဂရိတ်နဲ့ပွဲမှာ စီနီယာခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဟန်ဒါဆန်နဲ့ မီလ်နာတို့ မပါနိုင်တဲ့နောက် ဗန်ဒိုက်က လီဗာပူးကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် အသင်းခေါင်းဆောင် တာဝန်ကို ရယူပေးပြီး ပွဲထွက်လာခဲ့တာပါ။ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပွဲကြိုတွေ့ဆုံမှုမှာ အဆိုပါ ကိစ္စနဲ့ပက်သက်ပြီး ကလော့ပ်က အတည်ပြုလာပေးပါတယ်။

“ ဗန်ဒိုက်က ခေါင်းဆောင်ပိုင်း ရာထူးနဲ့ သင့်လျော်သူဆိုတာကို သူ့ရဲ့အမှုအကျင့်တွေကြောင့် လူတွေက ပြောကြပါတယ်။ ဒါပေမယ့် ကလပ်အသင်းရဲ့ တတိယမြောက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူစေတာက ကျနော်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။

ဟန်ဒိုနဲ့ မီလီကို အသင်းခေါင်းဆောင်နဲ့ လက်ထောက်အသင်းခေါင်းဆောင် နေရာတွေမှာပဲ ဆက်ထားဖို့ကို ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ ခေါင်းဆောင်ပိုင်းအတွက် အသင်းသားတွေကို မဲပေးစေရင်လည်း သူတို့နှစ်ဦးကတော့ အဲ့သည် အနေအထားတွေမှာပဲ ဆက်ရှိနေမှာပဲလေ။ ဒါကြောင့် သူတို့ကို အဓိက ခေါင်းဆောင်နေရာတွေမှာ ထားရှိတာက ရာနှုန်းပြည့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပါ။

ဒါပေမယ့် နောက်ထပ် နှစ်နေရာအတွက်တော့ အသင်းသားတွေကိုယ်တိုင်ပဲ မဲပေးခွင့်ပေးခဲ့တယ်။ အဲ့သည် နှစ်နေရာအတွက် နယ်သာလန် ကစားသမား နှစ်ဦးကပဲ ဆက်တိုက် ရွေးခံရပါတယ်။ အခုချိန်မှာ ကလပ်အသင်းရဲ့ နံပါတ်သုံး ခေါင်းဆောင်က ဗန်ဒိုက်ပါ၊ နံပါတ်လေး ခေါင်းဆောင်က ဝိုက်နယ်ဒမ်ဖြစ်ပါတယ်။ ဒါက အသင်းသားတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ”

ဇန်နဝါရီကမှ လီဗာပူးအသင်းကို ပြောင်းလာခဲ့တဲ့ ဗန်ဒိုက်ဟာ အန်ဖီးကလပ်မှာတော့ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ် တောက်ပလာသူပါ။ သူ့ရဲ့ခေါင်းဆောင်နိုင်စွမ်းတွေကြောင့် နယ်သာလန်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကိုလည်း မကြာသေးခင်ကပဲ ခန့်အပ်ခံထားရပါတယ်။

ဝိုက်နယ်ဒမ်ဟာလည်း နယူးကာဆယ်ကနေ ပြောင်းလာပြီးကတည်းက လီဗာပူးကွင်းလယ်မှာ အကျိုးဖြစ်ထွန်းစေသူဖြစ်တယ်။ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားလွန်းတဲ့ ဝိုက်နယ်ဒမ်ဟာ ကြံ့ခိုင်မှုပိုင်းမှာ အတော်လေးကောင်းပြီး ကလော့ပ်အတွက် အမြဲအဆင်သင့်ရှိနေတဲ့ စီနီယာကစားသမားလည်းဖြစ်ပါတယ်။