ပရီးမီးယားလိဂ် ကလပ် အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဇွန်လ ၁ ရက်နေ့မှာ All-English Final ဖြစ်မယ့် ဥရောပ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို ကစားသွားရဖို့ ရှိနေပါတယ်။

လက်ရှိရာသီ ချန်ပီယံလိဂ်မှာတော့ နည်းပြယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာအသင်းကို ဒုတိယ အကျော့က ချေပဂိုးတွေနဲ့အတူ အကောင်းဆုံးပြန်လာပြထားခဲ့သလို ပိုချက်တီနိုရဲ့ တော့တင်ဟမ်အသင်းဟာလည်း အေဂျက်အသင်းရဲ့ သုံးဂိုးအသာနဲ့ ဦးဆောင်ထားမှုကို ဒုတိယပိုင်းမှာ လူးကပ်စ်မိုရာရဲ့ ဟက်ထရစ်နဲ့အတူဖိုင်နယ်ကို အသီးသီး တက်လှမ်းလာခဲ့ကြတာပါ။

အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ မက်ထရိုပိုလီတာနို ကွင်းကြီးထဲမှာ ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာတော့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းထားနိုင်တဲ့ လီဗာပူးလ်ကပဲ ဗိုလ်စွဲသွားမလား၊ ယခုနှစ်မှာ မထင်မှတ်ပဲဖိုင်နယ်အထိ တက်လှမ်းလာနိုင်ခဲ့တဲ့ စပါးကပဲ ချန်ပီယံဖြစ်သွားမလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

နည်းပြပိုချက်တီနိုရဲ့ စပါးအသင်းဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာ မန်စီးတီးနဲ့ အေဂျက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး လို့ အများစုက ခန့်မှန်းထားခဲ့ကြပေမယ့်လည်း ခက်ခက်ခဲခဲ ကျော်ဖြတ်ပြနိုင်ခဲ့ပြီး ဖိုင်နယ်ကို ထိုက်တန်စွာ ရောက်ရှိလာခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် စူပါကွန်ပြူတာရဲ့ခန့်မှန်းချက်မှာတော့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဗိုလ်စွဲဖို့ (၂၉)ရာခိုင်နှုန်းသာ ရှိပြီး ပြိုင်ဘက်လီဗာပူးလ်အသင်းကတော့ ချန်ပီယံဖြစ်ဖို့ (၇၁)ရာခိုင်နှုန်းအထိရှိနေတယ်လို့ သိရပါတယ်။

အပြင်လောကမှာလည်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲမယ့်အသင်းအဖြစ်နည်းပြ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ တော့တင်ဟမ်ထက် ပိုမို ရေပန်းစား နေပါတယ်။ ဒါပေမယ့်လည်း ဘာမဆိုဖြစ်သွားနိုင်တဲ့ ဗိုလ်လုပွဲမှာ ပိုချက်တီနိုရဲ့ စပါးအနေနဲ့ ၄င်းတို့အပေါ် သံသယ ဝင်နေသူတွေ အပေါ် တုန့်ပြန် သွားနိုင်မလား လီဗာပူးကပဲ ဒီရာသီ တစ်ခုတည်းသော ဖလားမျှော်လင့်ချက် ချန်ပီယံလိဂ်ကို အပိုင်သိမ်းနိုင်မလား စောင့်ကြည့်ရတော့မှာပါ။