မန်ယူအသင်း ကွင်းလယ်လူ တော်မီနေးကတော့ ချန်ပီယံလိဂ်မှာ PSG ကွင်းလယ်က ဗာရက်တီကို ကွင်းလယ်မထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပုံတွေကို ရှင်းပြပြောဆိုမှု လုပ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲတွေဖြစ်တဲ့ PSG ၊ ဘာစီလိုနာပွဲတွေမှာ မန်ယူအသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့သူ တော်မီနေးက ရှင်းပြရာမှာ ” ကွင်းလယ်က ဘယ်လိုနေရာကနေ ကစားရပါစေ ပြိုင်ဘက် ကွင်းလယ် ကစားသမားတွေကို ဖြိုခွင်နိုင်ဖို့လိုပါတယ်။ ပြိုင်ဘက် ကွင်းလယ်တွေနဲ့ ကိုယ်ကြားမှာ ပုဂ္ဂိုလ်ရေးရာ ထိပ်တိုက် ယှဉ်ပြိုင်ရဖို့ဆိုရင် ကျနော် တစ်ညလုံးတောင်း ပြေးနိုင်ပါတယ်။ ဒီယှဉ်ပြိုင်မှုက ကိုယ်အပေါ်ပဲ မူတည်ပါတယ်။

ပွဲတိုင်းမှာလည်း အဲ့သည်နည်းလမ်းအတိုင်းပဲ ကစားရမှာပါ။ ချန်ပီယံလိဂ်ပွဲအတွက်ဆိုပြီး ပိုပြီး အားထုတ်တာထက် အိမ်ကွင်းပွဲတိုင်း၊ အဝေးကွင်းပွဲတိုင်း ကိုယ်ကစားရမယ့် ပြိုင်ပွဲတိုင်းကို အနိုင်ရအောင် ကြိုးစားရမယ်။ ချန်ပီယံလိဂ်ပွဲဖြစ်စေ၊ အက်ဖ်အေဖလားမှာ လိဂ်တူးကလပ်နဲ့ ယှဉ်ပြိုင်သည်ဖြစ်စေ ခြားနားမှုမရှိပဲ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ပဲရစ်ကတော့ ကျနော်ဘဝရဲ့ အကောင်းဆုံးညပေါ့ဗျာ။ ဖိအားတွေကို ဖယ်ရှားပြီး ပျော်ရွှင်စွာနဲ့ ပွဲကို ကျော်ဖြတ်နိုင်ဖို့ အရေးပါတယ်လို့ ခံစားရတယ်။ ကိုယ်က ကွင်းထဲကို ရောက်သွားတဲ့အခါမှာ ကိုယ်ဘာသာ၊ အသင်းနဲ့ အတူတကွ လာခဲ့ကြသူတွေအတွက်ပဲ စဉ်စားရမှာပါ။ အဲ့သည်ညမှာတော့ ကျနော်တို့အားလုံး အတူတကွ ကြိုးစားနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကြယ်ပွင့်သစ်ဖြစ်လာတဲ့ တော်မီနေးဟာ လာမယ့် ဘောလုံးရာသီတွေမှာ ဆိုးရှားလက်အောက် မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်ဗိုလ်ချုပ်သစ် ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။