အက်သလက်တီကို မက်ဒရစ်အသင်းမှာ အငှား ကစားနေတဲ့ တိုက်စစ်မှူးဖြစ်သူ မိုရာတာက ချဲလ်ဆီးအသင်းကို မပြန်လိုဘဲ အက်သလက်တီကို မှာသာ ဆက်နေလိုတယ်လို့ သိရှိရပါတယ်။ အက်သလက်တီကိုအသင်းအနေနဲ့လည်း မိုရာတာကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားဖို့အတွက် ချဲလ်ဆီးအသင်းထံ ပေါင် (၁၃.၈) သန်း ပေးချေရဖွယ်ရှိနေပါတယ်။

ချယ်ဆီးကွင်းလယ် ကစားသမားဟောင်း မီခေးလ်ဟာ ပရီးမီးယားလိဂ်သို့ ပြန်လာဖွယ် ရှိနေပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမားကို တန်းတက်လာတဲ့ နောဝစ်ခ်ျ၊ ရှက်ဖီးယူနိုက်တက်တို့က ခေါ်ယူလိုနေတာပါ။

ချယ်ဆီးအသင်းကွင်းလယ် ကစားသမား လော့ဖ်တပ်ချိခ်ဟာ နယူးအင်္ဂလန်အသင်းနဲ့ ခြေစမ်းပွဲစဉ်မှာ ရခဲ့တဲ့ ဖနောင့်ကြော ဒဏ်ရာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော်ပြီ ဖြစ်ကာ ၅ လကနေ ၉ လထိအောင် ဒဏ်ရာကနေ ပြန် ကစားနိုင်ဖို့ ကြာမြင့်ဖွယ် ရှိနေပါတယ်။

လော့ဖ်တပ်ချိခ်ဟာ အင်္ဂလန်အသင်းရဲ့ နေရှင်နယ်လိဂ် ဗိုလ်လုပွဲအပြင် ရာသီကြိုပြင်ဆင်မှုနဲ့ လာမယ့်ရာသီ ရာသီဝက်လောက်ထိပါ ကစားနိုင်ဖို့ မရှိတော့တာ ဖြစ်တယ်။

ချယ်ဆီးတောင်ပံကစားသမားဟောင်း ရိုက်ဖိးလစ်က အီဒင်ဟာဇက် အနေနဲ့ နောက်ထပ် သူဘာကို အလိုရှိတယ်ဆိုတာ သေချာစဉ်းစားပြီး ကလပ်အသင်းနဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ သတိပေးစကားဆိုလိုက်ပါတယ်။

လော့ဖ်တပ်ချိခ် ဒဏ်ရာရသွားတဲ့အပေါ် နည်းပြဆာရီအပြင် ချယ်ဆီးပရိသတ်များ ဒေါသထွက်နေကြပြီး ဆိုရှယ်မီဒီယာကနေ တဆင့် အဓိပ္ပါယ် မရှိတဲ့ ခြေစမ်းပွဲ ကစားခဲ့တယ်လို့ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်နေကြပါတယ်။

ချယ်ဆီးအသင်းဟာ အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး ဟီဂူအင်ကို အသင်းမှာ ဆက်ခေါ်မထားဘဲ ဂျူဗင်တပ်အသင်းထံ ပြန်ပို့တော့မှာ ဖြစ်ပါတယ်။ ၄င်းကို ခေါ်ယူထားတဲ့ နည်းပြ ဆာရီနဲ့ အသင်း အနာဂတ်ကလည်း မသေချာမှုတွေ ရှိလာပါတယ်။