မန်ချက်စတာယူနိုက်တက်က ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူလိုကြောင်း တရားဝင် စတင်ချိတ်ဆက်နေပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဂျာမန်ဖလားဖိုင်နယ်ပြီးရင် အသင်းနဲ့ သက်တမ်းတိုးလိုပေမယ့် ၄င်း အနာဂတ်က မသေချာသေးဘဲ ဖြစ်နေပါတယ်။

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ မန်ယူ အပြင် ပီအက်စ်ဂျီ အသင်းကလည်း ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ် ထားတယ် လို့ သိရပါတယ်။

မန်ယူနဲ့ လီဗာပူးတို့ စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဒိုင်ဘာလားဟာ စီးရီးအေကလပ်ကနေ ထွက်ခွာလိုကြောင်း ၄င်းရဲ့ အကိုဖြစ်သူက ထုတ်ပြောလာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာလုနီးပါး ဖြစ်နေတဲ့ လူကာကူ နေရာအတွက် လိုင်ယွန်အသင်းမှ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး မိုဆာ ဒမ်ဘီလီကို အစားထိုး ခေါ်ယူရန် ပစ်မှတ်ထားလာပါတယ်။ ၄င်းရဲ့ တန်ကြေးက ပေါင် သန်း ၄၀ ၀န်းကျင် ရှိပြီး မန်ယူရဲ့ ကစားသမား ခေါ်ယူရေး ပေါ်လစီသစ်နဲ့ ကိုက်ညီနေပါတယ်။

လူကာကူကိုတော့ ပီအက်စ်ဂျီ၊ အင်တာမီလန်အသင်းတို့က အလေးအနက် ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ ဘယ်လ်ဂျီယံသားက ပြီးခါစ ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ ကစားခွင့် များများစားစား မရခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လောလောလတ်လတ် ရထားတဲ့ ဘယ်ခြမ်းခံစစ်မှူး လုခ်ရှောက အင်္ဂလန်လက်ရွေးစင် အသင်းမှာ မပါဝင်ခဲ့ပါဘူး။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ ထိုနေရာအတွက် ဘန်ချေးဝဲလ်နဲ့ ဒန်နီရို့စ်တို့ အကောင်းဆုံး အနေအထား ရှိနေတာကြောင့် ရှောကို ချန်ခဲ့ကြောင်း ရှင်းလင်းခဲ့ပါတယ်။

မန်ယူ နည်းပြ ဆိုးရှားက ဆိုးဝါးတဲ့ ဘောလုံးရာသီ အဆုံးသတ်နဲ့ ကြုံခဲ့ပေမယ့် အသင်းအကြီးအကဲ အက်ဝုဒ်ဝပ်ရဲ့ ထောက်ခံမှု အပြည့် ရထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပဲလေစ့်တိုက်စစ်သမား ဇာဟာက လန်ဒန်ကလပ်ကနေ ထွက်ခွာပြီး ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ ကြိုးစားလာခဲ့သလို မန်ချက်စတာ ယူနိုက်တက်နဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ ပြင်ဆင်နေပြီလို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

နွေအပြောင်းအရွှေ့ ဈေးကွက်မှာ အိုလီဂန်နာဆိုးရှားက ငွေတွေများများသုံးမယ့်အစား နာမည်ရှိပြီးသား ကစားသမားတွေထက် သင့်တော်တဲ့ ပင်ကိုယ် အရည်အချင်းရှိသူတွေကို ရှာဖွေဖို့ပဲ ရည်ရွယ်ထားပါတယ်။

ဘာစီလိုနာ တောင်ပံခံစစ်သမား ဆီမီဒိုဟာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပြီး ၄င်းကို အင်္ဂလန်နဲ့ အီတလီက ကလပ်အသင်းတွေမှ ခေါ်ယူလိုနေပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ စပါးကတော့ ၄င်း ပြောင်းရွှေ့သွားဖွယ် ရှိတဲ့ အသင်းတွေ အဖြစ် ရေပန်းစားနေပါတယ်။