အိုးလ်ထရက်ဖို့ဒ်မှာ ဆိုးရှားတည်ဆောက်လိုတဲ့ တိုက်စစ်အားသန်အသင်းအတွက် အသက် ၁၉ နှစ်အရွယ် ကစားသမားလေးက ပြီးပြည့်စုံတဲ့သူ ဖြစ်တာကြောင့် ဆန်ချိုကို မန်ယူက ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ မန်စီးတီး ကြယ်ပွင့်ဟောင်းလေးကို ဈေးအကြီးဆုံး အင်္ဂလိပ်ကစားသမားအဖြစ် ပေါင်သန်း ၈၀ ကျော် ပေးဖို့ ပြင်ဆင်ခဲ့တာပါ။ ဒီပမာဏဟာ ဒေါ့မွန်အတွက် သူ့ကို ရောင်းဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မန်ယူဘက်က ယုံကြည်ခဲ့ပါတယ်။

ဒါပေမယ့် ဂျာမန်ကလပ်အတွက် ပူလီဆစ်ကို ချယ်ဆီးထံ ပေါင် ၅၈ သန်းနဲ့ ရောင်းချခဲ့သလို အစားထိုးဖို့လည်း သော်ဂန်ဟာဇက်ကို ပြန်ရတဲ့အခါ သူတို့အနေနဲ့ ဆန်ချိုကို ရောင်းဖို့ ဖိအား မရှိတော့ပါဘူး။

ဒေါ့မွန်က ဂျေဒွန် ဆန်ချိုကို မရောင်းဘူးလို့ အခိုင်အမာဆိုနေသလို ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ အသင်းမှာပဲ ကစားလိုနေတာကြောင့် မန်ယူဟာ နောက်နွေရာသီအထိ ဆန်ချိုအတွက် အပြောင်းအရွှေ့ကို ချောင်ထိုးထားလိုက်ဖို့ ဆုံးဖြတ်ထားတာပါ။

ဆိုးရှားဟာ အေရွန်ဝမ်ဘစ်ဆာကာကို ပစ်မှတ်ထားနေတဲ့ ညာနောက်တန်းနေရာနဲ့အတူ ညာတောင်ပံတိုက်စစ်ကိုလဲ အဓိကဦးစားပေးအဖြစ် အားဖြည့်ဖို့ ဆုံးဖြတ်ထားတာပါ။ ဆန်ချိုကို အဆင်မပြောတာကြောင့် ဂျိမ်းစ်ကိုပဲ ဦးစားပေး ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်တယ်။

မန်ယူဟာ ဒေါ့မွန်ကို ဆန်ချိုကိုရောင်းအောင် ဆွဲဆောင်နိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇူလိုင်လမှာ စတင်မယ့် အရှေ့ပိုင်းဒေသနဲ့ သြစတေးလျ ရာသီကြို ခရီးအတွက် ဆိုးရှားက တသင်းလုံးလိုက်ပါစေဖို့ ဆုံးဖြတ်ထားပါတယ်။

အိုလီဂန်နာ ဆိုးရှားဟာ ဇူလိုင် ၁ ရက် နေ့မှာ နွေအပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ဖို့ အလိုရှိတယ်လို့ အဒ်ဝုဒ်ဝဒ်ကို ပြောဆိုထားပြီး ရာသီကြို ပြင်ဆင်မှုကို အသင်းသားအားလုံးနဲ့ စတင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။