ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ချယ်ဆီးအသင်းနဲ့ ဗိုလ်လုရမယ့် အာဆင်နယ်ဟာ အနိုင်ရမယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာပါ။ ဒါပေမယ့် အာဆင်နယ်ဟာ ကလပ်အသင်း အဓိက တိုက်စစ်သမား နှစ်ဦးကို လက်လွတ်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
အက်သလက်တီကိုမက်ဒရစ်ဟာ တိုက်စစ်မှူး ဂရစ်စမန်းကို ဒီရာသီအကုန်မှာ ထွက်ခွာခွင့်ပေးရတော့မှာပါ။ ဒီသတင်းကြောင့် အပြောင်းအရွှေ့လောကမှာ နောက်ဆက်တွဲ လှုပ်ခတ်မှုတွေ ရှိလာပြီလည်း ဖြစ်ပါတယ်။
ဂရစ်စမန်းနဲ့ ဘာကာကြားမှာ အပြောင်းအရွှေ့ဆိုင်ရာ သဘောတူညီမှုတောင် ရထားပြီးပြီဆိုတဲ့ နောက်ဆက်တွဲအဖြစ် အာဆင်နယ်ကိုလည်း ရိုက်ခတ်လာခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်ဟာ ဂရစ်စမန်း နေရာမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်နဲ့ အစားထိုးဖို့ ကြံစည်နေပြီး နွေမှာ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေထွက်လာတယ်။
အသက် ၂၇ နှစ်အရွယ် လာကာဇက်ဟာ ဒီနှစ် အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိထားပြီး ရှေ့တန်းမှာ အူဘာမီယန်းနဲ့ အတွဲညီနေသူလည်း ဖြစ်ပါတယ်။ လာကာဇက်ဟာ အာဆင်နယ်နဲ့ ၂၀၂၂ အထိ စာချုပ်ရှိနေသေးပြီး ပရိသတ်တွေ စိတ်ကြိုက်တွေ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
အာဆင်နယ်အသင်းက ဒေါ့မွန်အသင်းထံကနေ ပေါင်း သန်း ၆၀ သုံးပြီး အူဘာမီယန်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ဈေးကွက်တုန်းက ခေါ်ယူထားတာပါ။ အူဘာမီယန်နဲ့ အာဆင်နယ်အသင်းကြား လက်ရှိစာချုပ်ဟာ ၂၀၂၁ ခုနှစ် ထိကျန်ရှိနေပါသေးတယ်။
အာဆင်နယ်အသင်းက တိုက်စစ်မှူး နှစ်ယောက်လုံးကို စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေပေမယ့် လာကာဇက်တီအပြင် အူဘာမီယန်းကိုလည်း လာလီဂါကလပ် ရီးရဲလ်ဘက်က စိတ်ဝင်စားနေပြန်ပါတယ်။
စပိန်ကလပ် ရီးရဲမက်ဒရစ်က ၄င်းတို့ရဲ့ တိုက်စစ်ကစားသမား ဂါရတ်ဘေးနေရာမှာ အစားထိုးဖို့ အူဘာမီယန်ကို အလိုရှိနေပြီး ပြောင်းရွှေ့ကြေး မြင့်မားစွာဖြင့် ခေါ်ယူအားဖြည့်သွားလိုနေပါတယ်။
ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်အတွဲထဲ ပါဝင်တဲ့ တိုက်စစ်မှူး နှစ်ဦးကို ထိန်းသိမ်းဖို့က အာဆင်နယ်အတွက် ပြသနာတစ်ရပ် ဖြစ်လာနေခဲ့ပြီပဲဖြစ်ပါတယ်။