မန်ချက်စတာယူနိုက်တက်ဟာ အဓိက ဂိုးသမား ဒီဂီယာကို သက်တမ်းတိုးဖို့ ကြိုးစားနေမှု မအောင်မြင်တဲ့နောက် ကစားသမားကို ခြိမ်းခြောက်မှုအဖြစ် ဂိုးသမားသစ်တွေ ရှာဖွေမှုကို စတင်လာခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာ ဒီဂီယာအတွက် တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ လစာနဲ့ သက်တမ်းတိုးစာချုပ်သစ် ဆွေးနွေးမှု ပြုလုပ်နေသော်လည်း ကစားသမားဘက်က ဆိုင်းငံ့ထားပါတယ်။ သက်တမ်းတိုး ညှိနှိုင်းဖို့ ကြံ့ကြာနေတာကြောင့် ဒီဂီယာရဲ့ လက်ရှိစာချုပ်မှပါတဲ့ တစ်နှစ် သက်တမ်းတိုးခွင့်ကိုလည်း အသက်သွင်းလိုက်ပြီးဖြစ်ကာ ၂၀၂၀ မှ စာချုပ်ကုန်ဆုံးမှာပါ။

စပိန်ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးအဖြစ် ကာလရှည်ကြာစွာ ရပ်တည်ခဲ့ပြီး လက်စွမ်းပြကစားနိုင်ခဲ့ပါတယ်။ သရဲနီပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဒီဂီယာဟာ ဒီရာသီမှာ အလွဲလွဲ အမှားမှားဖြစ်ကာ အကောင်းဆုံးလက်စွမ်း မရခဲ့ပါဘူး။ ပိုဆိုးတာက ဒီဂီယာဟာ ရာသီကုန်ခါနီးပွဲတွေမှာ စွမ်းဆောင်ရည် တော်တော်လေး ကျဆင်းခဲ့တာပါ။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ လာမယ့်နွေဈေးကွက်မှာ ကစားသမားကောင်းတွေ ခေါ်ယူဖို့အတွက် နည်းပြဆိုးလ်ရှားကို ငွေကြေး အလုံအလောက် ထုတ်ပေးမှာပါ။ မန်ယူဟာ ဒီဂီယာကို သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေလို့ ဘာစီလိုနာက နယ်သာလန်ဂိုးသမား ဆီလက်ဆန်ကို စတင်ချိတ်ဆက်လာနေတာဖြစ်တယ်။

မန်ယူစိတ်ဝင်စားနေတဲ့ ဂိုးသမား ဆီလက်ဆန်ဟာ ဘာစီလိုနာအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပြီး မကြာခင်မှာ ဘာစီလိုနာကနေ ထွက်ခွာမယ်လို့ ကြေညာထားသူပါ။ ဒါပေမယ့်လို့ ဒီဂီယာက အခြားသော အသင်းတွေကို ထွက်ခွာဖို့ စိတ်ရောက်နေတာကြောင့် မန်ယူက ဈေးကွက်ထဲမှာ အသင့်ရှိနေတဲ့ ဂိုးသမားတစ်ဦးကို စတင်ကာ ရှာဖွေပြလာခဲ့တာဖြစ်တယ်။