သရဲနီတို့ရဲ့ မန်နေဂျာကြီး ဆိုးရှားက နွေမှာ သူခေါ်ယူတဲ့ ကစားသမားတွေဟာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစေရပြီး ထိုင်ခုံတွေကနေ ထပြီး လက်ခုပ်တီး အားပေးချင်လောက်တဲ့ ကစားသမားတွေ ဖြစ်စေရမယ်လို့ အာမခံချက် ပေးလာခဲ့ပါတယ်။

မန်ယူအသင်းသားတွေဟာ ကလပ်အသင်းအပေါ် ပေးဆပ်လိုစိတ် နည်းပါတဲ့ဆိုတဲ့ စွဲချက်နဲ့အတူ ခက်ခဲတဲ့ ဘောလုံးရာသီကို ကျော်ဖြတ်လာရပြီး ဒီရာသီမှာ ချန်ပီယံလိဂ် မဝင်ခဲ့ပါဘူး။ ဆိုးရှားကတော့ သူ့လက်ထက်မှာ ကလပ်အသင်းအတွက် ပေးဆပ်လိုစိတ်ရှိတဲ့ ကစားသမားတွေကိုပဲ အဓိက ခေါ်ယူလိုနေပါတယ်။

” ကစားသမား ခေါ်ယူတဲ့ ကိစ္စတွေကို အရင်ထဲက ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ ကျနော်တို့ ကစားသမားတွေနဲ့ ကောင်လေးတွေကို လူတော်လေးတွေဖြစ်အောင် သင်ပေးဖို့ ကြိုးစားခဲ့တယ်။ ကျနော် တွေ့ကြုံခဲ့တဲ့အထဲမှာ အကောင်းဆုံး ကစားသမားတွေက အမြဲတမ်း အကောင်းဆုံးလူတွေ ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်ဖို့ စိတ်ဓာတ်ကောင်း ရှိဖို့ လိုအပ်တယ်။ အရည်အချင်းတွေရှိဖို့လဲ လိုတယ်။ ကျနော်တို့ ပရိသတ်တွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတွေကို မြင်လိုကြတယ်။

ကျနော်တို့ ထိုင်ခုံကနေ ထပြီး အားပေးရလောက်တဲ့ သူမျိုး ဖြစ်စေချင်တယ်။ ခုခံကာကွယ်နေတဲ့ ခံစစ်ကစားသမားတွေကို မင်းတွေ့မှာပါ။ ဒါက သူတို့အလုပ်ဖြစ်ပြီး အရေးအကြီးဆုံးအရာဖြစ်တယ်။

ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ လီဗာပူး၊ ချယ်ဆီးတို့နဲ့ပွဲတွေမှာ လင်ဂတ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ကျနော်တို့ တိုက်စစ်ဆင်ဖို့ လုပ်တဲ့အချိန်၊ ဒီလိုပွဲတွေကို စတင်တဲ့အချိန် တိုက်စစ်မှူးတစ်ယောက်က ဘောလုံးလုနေတာကို ပရိသတ်တွေက လက်ခုပ်တီးအားပေးတယ်။

ဒါက ကျနော်တို့ ဓလေ့ပါ။ ဒီလိုမျိုး ကျင့်ဝတ်ရှိဖို့ လိုအပ်တယ်။ ကျနော်တို့ဟာ မှန်ကန်တဲ့ သူတွေကို ကြိုးစားရှာဖွေဖို့ ဈေးကွက်ကို ထောက်လှမ်းနေတာပါ။ ” လို့ ဆိုးရှားက ပြောပါတယ်။

ဆိုးရှားက ဈေးကွက်ထဲမှာ မန်ယူအတွက် တောက်ပတဲ့ အနာဂတ်ရှိတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ ဈေးနည်းနည်းနဲ့ ခေါ်ယူမှုတွေဖြစ်ရင်တောင် ကလပ်အသင်းအတွက် အကျိုးဖြစ်တဲ့ ခေါ်ယူမှုတွေ ဖြစ်လာမယ်လို့ ဆိုးရှားက ကတိပေးခဲ့ပါတယ်။