စပိန်ကလပ် ဗီလာရီးရဲအသင်းမှာ ကစားနေတဲ့ ဂန်းနားဟောင်းကြီး ကာဇိုလာဟာ စပိန်လက်ရွေးစင်အသင်းမှာ ပြန်လည်ကာ ရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။ ဒါဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည် အရွေးခံရခြင်း ဖြစ်တယ်။

ကာဇိုဘာဟာ အာဆင်နယ်ကစားသမားဘဝမှာ ဒဏ်ရာပြသနာတွေ မကြာခဏ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်း ၂ နှစ်အတွင်း ခြေထောက်ဒဏ်ရာအတွက် ခွဲစိတ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ကာ ကစားသမားဘဝကနေ အနားယူရဖို့ နီးစပ်ခဲ့ပါတယ်။

ဂန်းနားတို့ရဲ့ အချစ်တော်လည်းဖြစ်ပြီး သူဟာ စပိန်မြေက ဗီလာရီးရဲကို ပြန်သွားခဲ့ကာ လာလီဂါမှာ ပြန်လည်ကာ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တယ်။ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဂန်းနားအသင်းဟာ သူ့ရင်ထဲမှာ အမြဲရှိနေပါတယ်လို့ ထုတ်ဖော်ပြောဆိုခြင်းလည်း လုပ်ခဲ့ပါသေးတယ်။

ကာဇိုလာဟာ ဗီလာရီးရဲ အသင်းမှာ ခြေစွမ်းပြ ကစားနေခဲ့ပြီး အသင်းကို တန်းဆင်းဇုန်ထဲနေ လွတ်မြောက်အောင် ကူညီနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်အထိ ရောက်ရှိ နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း စပိန်မန်နေဂျာ အင်းနရစ်က ယူရိုခြေစစ်ပွဲကစားမယ့် လူစာရင်းမှာ ကာဇိုလာကို ပြန်ရွေးခဲ့တာဖြစ်တယ်။

အသက် ၃၄ နှစ် အရွယ် ကာဇိုလာဟာ စပိန်အသင်းမှာတော့ ဘက်စ်ကွက်၊ ရာမိုစ့် တို့နဲ့အတူ အသင်းရဲ့ စီနီယာတစ်ဦးအဖြစ် လူငယ်ကစားသမားတွေကို ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။
.