လီဗာပူးလ်အသင်းဟာ လာမယ့်နွေမှာ ငွေကြေး မြောက်များစွာ သုံးစွဲမှုများ ပြုလုပ်မှာ မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ လိုင်ယွန် တောင်ပံ တိုက်စစ်ကစားသမား မန်းဖစ် ဒီပေးကို ခေါ်ယူနိုင်ဖို့အတွက် လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း ပြင်သစ်သတင်းများမှာ ဖော်ပြနေပါတယ်။

အသက် ၂၅ နှစ်အရွယ် ဟော်လန်သား ဒီပေးဟာ မန်ယူကစားသမားဟောင်း တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ မှာ ပီအက်စ်ဗွီကနေ မန်ယူ အသင်းထံ ပေါင် ၂၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၇ ဂိုးသာသွင်းယူခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ မှာ လိုင်ယွန်ကို ပေါင် ၁၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဒီပေးက နိုင်ငံ လက်ရွေးစင်အသင်းအတွက် ၄၆ ပွဲမှာ ၁၆ ဂိုးသွင်းထားပါတယ်။

ပရီးမီးယားလိဂ်မှာ အောင်မြင်မှုမရဘဲ ဝေဖန်ခံခဲ့ရပေမယ့် ဒီပေးက ပြင်သစ်လီဂူးမှာတော့ ခြေစွမ်းကောင်းများ ရရှိကာ အကောင်းဆုံး ပုံစံ ပြသနိုင်တာကြောင့် ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

ဒီပေးက ဒီရာသီမှာ လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားကာ လိုင်ယွန်အသင်းကလည်း တတိယနေရာမှာ ရပ်တည်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရစေဖို့ မျှော်မှန်းနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကိုခေါ်ယူချင်တဲ့ အသင်းကြီးတွေ ရှိလာခဲ့ပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ကင်းထောက်တွေစေလွှတ်ကာ ဒီပိုင်းရဲ့ခြေစွမ်းကို စောင့်ကြည့်နေခဲ့ပါတယ်။

လီဗာပူးလ် ကင်းထောက်အဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်က မာဆေးလ် ၀-၃ လိုင်ယွန်ပွဲကို သွားကြည့်ကာ ဒီပိုင်းရဲ့ ခြေစွမ်းကို လေ့လာ စောင့်ကြည့် ခဲ့ပါတယ်။ ဒီပိုင်းက ထိုပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဂိုးမသွင်းနိုင်ပေမယ့် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြင်သစ် လီဂူး ကလပ် ကတော့ သူတို့ရဲ့ အားထားရတဲ့ တိုက်စစ်သမားကို အလွယ်တကူ လက်လွှတ်ဖွယ် မရှိပါဘူး။ လီဗာပူး အနေနဲ့ ဘယ်လို ခြေလှမ်းတွေ လှမ်းလာ ဦးမလဲ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။