အေဂျက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဇီယက်က ဒီနွေမှာ အခြားသော လိဂ်တွေကို ပြောင်းရွှေ့တော့မယ်လို့ နယ်သာလန်ကလပ်ရဲ့ အားကစားဒါရိုက်တာဖြစ်သူ အိုမာရက်စ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဇီယက်ဟာ နယ်သာလန်လိဂ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး မည်သည့်ကလပ်ကို ပြောင်းမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဘယ်ခြေသန် မိုရိုကို ကစားသမားဟာ အေဂျက်အသင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မှုမှာ အဓိကကျတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဇီယက်ဟာ ဒီတစ်ရာသီလုံး သူပြသထားတဲ့ ခြေစွမ်းတွေကြောင့် အေဂျက်ရဲ့ တစ်ရာသီ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။ အထင်ကြီးလောက်တဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ သူ့ကို ခေါ်ယူခွင့်အတွက် မန်ယူဘက်က ပါဝင်လှုပ်ရှားတော့မှာဖြစ်တယ်။

ဇီယက်နဲ့ ပက်သက်ပြီး အေဂျက် အားကစားဒါရိုက်တာ အိုမာရက်စ်က ” ထိပ်တန်းအသင်းတွေက ကမ်းလှမ်းမှုတွေ ရောက်လာမယ်ဆိုရင် သူထွက်ခွာသွားပါမယ်။ ချန်ပီယံလိဂ်မှာ သူအောင်မြင်ခဲ့တဲ့ အတိုင်းအတာအရ ထိပ်တန်းအသင်းတွေ ကမ်းလှမ်းလာမှာကိုလည်း အာရုံစိုက်နေတယ်။

များစွာသော အသင်းကြီးတွေက သူ့ကိုခေါ်ဖို့ ဝိုင်းဝိုင်းလည်နေပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းမှုဆိုရင် လက်ခံနားထောင်ပေးပါမယ်လို့ ကတိပေးထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီအပတ်မှာပဲ ဇီယက်ကတော့ အပြောင်းအရွှေ့ ဖြစ်လာခဲ့ရင် အားလုံး ကြားရပါလိမ့်မယ်လို့ မှတ်ချက်ပေးထားပြီး အေဂျက်ဘက်ကတော့ ကစားသမားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေးအရ ပေါင် 25 သန်းဝန်းကျင်ကို ပြောင်းရွှေ့ကြေးအဖြစ် ရရှိဖို့ မျှော်လင့်ထားပါတယ်။

မန်ယူဘက်ကလည်း ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ကစားသမားတွေကို အဓိက ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ဇီယက် အေဂျက်ကနေ ထွက်ခွာမယ်လို့ သေချာခဲ့တဲ့နောက် အပြောင်းအရွှေ့ထဲ ဝင်ပါလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။