မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ရွန်နီက အသင်းဟောင်းရဲ့ ရုန်းကန်နေရမှုကို မြင်နေရတာကို စိတ်မသက်မသာဖြစ်နေပြီး ကွင်းတွင်း၊ ကွင်းပြင်မှာ အပြစ်ကို ခေါင်းရှောင်ချင်နေကြတဲ့ အသင်းသားတွေကိုလည်း ပြင်းထန်စွာ သတိပေးလိုက်ပါတယ်။

အရာအားလုံးက ဟိုဆေးမော်ရင်ညို လက်အောက်မှာ ဆိုးဆိုးဝါးဝါး စတင်ခဲ့တာဖြစ်ပြီး ယာယီနည်းပြအဖြစ် ဆိုးရှား တာဝန်ယူတော့ အခိုက်အတန့် တစ်ခုကြာ တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ၁၂ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တာနဲ့ အတူ စိတ်ပျက်စရာတွေနဲ့သာ ရာသီသိမ်းခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့ ကစားသမားများစွာဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရှေ့မှာနေ အကြောက်အလန့် မရှိဘဲ အကာအကွယ် ပေးမယ့်သူကို ရှာဖွေနေကြတယ်လို့ ဝိန်းရွန်းနီက ထင်နေပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းက “ကစားသမားတွေက တစ်ယောက်ယောက်ကို ကြောက်ရွံ့ အရိုအသေ ရှိနေဖို့ လိုတယ်လို့ ကျနော်ထင်တယ်။ အိုလီဂန်နာဆိုးရှားကို သူတို့ ကြောက်ဖို့လိုတယ်။ မိုက်ကယ်ကာရစ်ကို ကြောက်ဖို့လိုတယ်။ ကစားသမားတွေဟာ သူတို့ကို လေးစားမှုရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကြောက်ရွံ့ဖို့လဲ လိုတာပေါ့။

ပွဲတွေ ကစားတဲ့ပုံက ပြောင်းလဲသွားပြီ။ လူမှုဝန်းကျင်ကလဲ ပြောင်းလဲသွားပြီ။ ဆိုရှယ်မီဒီယာတွေ ရှိလာတယ်။ တွေ့ရသလောက်မှာ ကစားသမား တွေက ပွဲတပွဲကို ရှူံးနိမ့်ပြီး သူတို့ရဲ့ အဝတ်အစားသစ်အကြောင်း၊ မုတ်ဆိတ်ရိတ်ပြီး သုံးတဲ့ ရေမွှေးသစ်အကြောင်း၊ သူတို့ ထုတ်တဲ့ဟာ မှန်သမျှ အကြောင်းကို ဆိုရှယ်မီဒီယာပေါ် တင်ကြတယ်။

ပရိသတ်တွေက ‘ဒီအကြောင်းကို ဘာလို့တင်တာလဲ’လို့ မေးတဲ့အခါ သူတို့က မာကတ်တင်းသမားတွေကို လွဲချကြတယ်။ ကျနော့်အတွက် အဲ့လိုကိစ္စတွေ လုပ်တဲ့လူတွေ ကျနော့်မှာရှိတယ်။ ဒါပေမယ့် ကျနော့် ညွှန်ကြားချက်မပါပဲ သူတို့ ဘာမှမလုပ်ဘူး။ ” လို့ ဆိုတာပါ။

ဝိန်းကတော့ ကွင်းအတွင်း စွမ်းဆောင်ရည်ကို တိုးတက်ဖို့ထက် လူမှုကွန်ယက်မှာ ကိုယ်ပိုင်အမှတ်တံဆိပ် ထုတ်ကုန်တွေကို ကြေညာဖို့ပဲ အာရုံစိုက်နေတဲ့ မန်ယူအသင်းသားတွေကို ဝေဖန်လိုက်တာဖြစ်ပြီး ကွင်းထဲမှာ အာရုံစိုက်ကြဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။