ဒီကနေ့မှာတော့ မန်စီးတီးနဲ့ ဝတ်ဖို့တို့ဟာ အင်္ဂလန်ရဲ့ သက်တမ်းအရင့်ဆုံး ဆုဖလားတစ်ခုဖြစ်တဲ့ FA ဖလား ကို ဗိုလ်လုကြတော့မှာပဲဖြစ်ပါတယ်။

ဒီနေ့ည ၁၀း၃၀ မှာ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲကို အနိုင်ရမယ်ဆိုရင် မန်စီးတီးဟာ တစ်ရာသီ ပြည်တွင်းဖလားအားလုံးကို အနိုင်ရတဲ့ အသင်းဖြစ်လာမှာပါ။

FA ဖလားမှာ မန်စီးတီး အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ်မှာတော့ အဆင့်ငါးနဲ့ ခြောက်အသင်းတွေက ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့် ခုနှစ်မှအသင်းက ယူရိုပါလိဂ် ခြေစစ်ပွဲကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာပါ။

မန်စီးတီး အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ် အဆင့်ငါးအသင်းက တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့်ခြောက်က မန်ယူအသင်းက ခြေစစ်ပွဲကနေ ကစားရမှာပါ။ FA ဖလား အနိုင်ရ ဝတ်ဖို့ကတော့ ယူရိုပါလိဂ်ကို တိုက်ရိုက် ဝင်ကစားရမှာဖြစ်ပါတယ်။

ဘီဘီစီမှ ဘောလုံးအားကစား ခန့်မှန်းသူ လော်ရိုးကတော့ ဒီကနေ့ညပွဲမှာ မန်စီးတီးက ဝတ်ဖို့ကို ၂-၀ နဲ့ အနိုင်ရပြီး ဆုဖလားကို ဆွတ်ခူးသွားမယ်လို့ ခန့်မှန်းပေးခဲ့ပါတယ်။