ဂျူဗင်တပ်ကနေ ထွက်ခွာပြီး နယ်မြေသစ်ကို ပြောင်းရွှေ့ ကစားလိုတယ်လို့ သတင်းကြီးထားတဲ့ တိုက်စစ်မှူး ဒိုင်ဘာလားက သူဟာ အသင်းဖော်ဟောင်း ပေါ့ဘာနဲ့ တစ်သင်းတည်းမှာ ပြန်လည်တွဲဘက် ကစားလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒိုင်ဘာလာနဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်မှာ တစ်ရာသီလောက် အတွဲညီစွာ ကစားခဲ့ကြတာပါ။ သူတို့ ပူးတွဲကစားစဉ်က ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ခဲ့သေးပြီး နောက်ပိုင်းမှာ ပေါ့ဘာက မန်ယူကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။

အီတလီကလပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလားက ပုံမှန်ပွဲထွက်ခွင့်ရမယ့် ကလပ်အသင်းကို ပြောင်းလိုကြောင်း သူ့ရဲ့အေးဂျင့်က ထုတ်ပြောထားတာဖြစ်တယ်။ ဒါကြောင့်လည်း ဥရောပ ကလပ်အသင်းတွေက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်လာကြတာဖြစ်တယ်။

ဒိုင်ဘာလားက “ ကျနော် ပေါ့ဘာလို ကစားသမားမျိုးနဲ့ အချိန်အကြာကြီး တွဲကစားဖို့ ဆန္ဒရှိပါတယ်။ အေနာဂတ် တစ်ချိန်မှာ ကျနော်တို့တွေ တစ်သင်းထဲမှာ အတူပြန်ဆုံကာ ကစားဖြစ်ကြမလား မသေချာပါဘူး။ ကိုယ်တိုင်လည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုး လုပ်နိုင်အောင် ကြိုးစားမှာပါ။ ပေါ့ဘာလည်း သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့ ဆုတောင်းပါတယ်” လို့ ဆိုခဲ့ပါတယ်။

ပေါ့ဘာရော ဒိုင်ဘာလားပါ အနာဂတ်မရေမရာဖြစ်နေပြီး နှစ်ဦးလုံးက ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့တယ်။ ထိုနည်းတူ ဒိုင်ဘာလားက မန်ယူနဲ့လည်း သတင်းထွက်ထားလို့ နှစ်ဦးလုံးကို ရီးရဲလ်မှာ မြင်ရမလား ဒါမှမဟုတ် နှစ်ဦးလုံးကို မန်ယူမှာ မြင်ရမလား ဆိုတာက စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။