ကိုပါအမေရိက ဖလား ပွဲစဉ်များအတွက် ရွေးချယ်လိုက်တဲ့ ဘရာဇီးလက်ရွေးစင်အသင်းသားတွေ အမည် ကြေငြာလိုက်ရာ လီဗာပူးအသင်းမှ အယ်လစ်ဆန်နဲ့ ဖာမီနိုတို့ ပါဝင်သွားပြီး ကွင်းလယ်ကစားသမား ဖာဘင်ညိုကတော့ ချန်လှပ်ခံခဲ့ရပါတယ်။

လီဗာပူးအသင်းဟာ ယူနိုက်တက် ကစားသမားဟောင်း လိုင်ယွန် တောင်ပံတိုက်စစ်သမား ဒီပေးကို ခေါ်ယူဖို့ ကင်းထောက်များ စေလွှတ် စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

ပရီမီးယားလိဂ်ကလပ်တွေ အကြိုက် ကစားသမား ဇီယက် အေဂျက်အသင်းကနေ နွေအပြောင်းအရွှေ့မှာ ထွက်ခွာတော့မယ်လို့ ကလပ်အသင်း အားကစားဒါရိုက်တာဖြစ်သူ အိုမာရက်စ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ၄င်းကို မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားတယ်။

မန်ယူက လောင်းစတပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ် ဆိုတဲ့ သတင်းများကို နယူးကာဆယ်အသင်းက ငြင်းဆန် လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူငယ်လေးကို မန်စီးတီးနဲ့ လီဗာပူးတို့ကလည်း ဒီနှစ်အစောပိုင်းမှာ မျက်စိကျခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက အသင်းကနေ ထွက်ခွာပြီး ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဖိလစ် ကော်တင်ညိုကို အခွင့်ရက ပြန်လည်ခေါ်ယူရန် တိုက်တွန်းလိုက်ပါတယ်။

စပါးနဲ့ လီဗာပူးတို့ အပြိုင် စောင့်ကြည့်နေတဲ့ လီဗာကူဆင်မှ ဂျာမန်သား ကွင်းလယ်ကစားသမား ဂျူလီယန် ဘရန့်က လက်ရှိကလပ်အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရရင် ဆက်နေလို နေပြီး ၀င်ခွင့် မရပါက ပရီးမီးယားလိဂ် ကလပ်များထက် ဒေါ့မွန်ထံ သွားဖို့ ပိုလိုလားနေပါတယ်။

ပီအက်စ်ဂျီက ဖာမီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းထွက်နေပေမယ့် လီဗာပူးအသင်းကတော့ အသင်း အဓိက တိုက်စစ်မှူးအတွက် ဘယ်လို ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားမှာ မဟုတ်ကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးနဲ့ စပါးအသင်းတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အရန်ကစားသမား ယခင် ၇ ယောက်အစား ၁၂ ယောက်ထိ ခေါ်ဆောင်ခွင့် ပြုဖို့ ယူအီးအက်ဖ်အေက အတည်ပြုထားပါတယ်။