အာဆင်နယ်ဟာ ယူရိုပါ ဗိုလ်လုပွဲအတွက် လက်မှတ်ခွဲတမ်း ၆၀၀၀ ထဲက ၃၀၀၀ ခန့်သာ ရောင်းကုန်သေးပြီး ပရိသတ်အများစုက ပြည်ဝင်ခွင့် အခက်အခဲနဲ့ အဇာဘိုင်ဂျန်သို့ ခရီးသွားဖို့ ဝေးလံလွန်းပြီး စရိတ်ကြီးမြင့်တာကြောင့် စောင့်ကြည့်နေကြဆဲပါ။

အဇာဘိုင်ဂျန် အက်ဖ်အေက မီခီတာရန်ရဲ့ လုံခြုံရေးအတွက် အာမခံချက် ပေးလိုက်ပေမယ့် အာဆင်နယ်အသင်းကတော့ ကစားသမားနဲ့ ပြောဆိုဆွေးနွေးဆဲ ဖြစ်ကာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မီခီတာရန်ကို ချန်ခဲ့ဖို့ အလေးသာနေဆဲ ဖြစ်ပါတယ်။

ပရီမီးယားလိဂ်ကလပ်တွေ အကြိုက် ကစားသမား ဇီယက် အေဂျက်အသင်းကနေ နွေအပြောင်းအရွှေ့မှာ ထွက်ခွာတော့မယ်လို့ ကလပ်အသင်း အားကစားဒါရိုက်တာဖြစ်သူ အိုမာရက်စ်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ၄င်းကို မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားတယ်။

အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အရန်ကစားသမား ၁၂ ယောက်ထိ ခေါ်ဆောင်ခွင့် ပြုဖို့ ယူအီးအက်ဖ်အေက အတည်ပြုထားပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ချိတ်ဆက်နေတဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား သောမတ် ပါတေးရဲ့ အေးဂျင့်ဖြစ်သူက ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရို သန်း ၅၀ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းက ဘာကုမှာ ကျင်းပမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲထံ ပရိသတ်တွေ ခေါ်သွားဖို့ အခက်တွေ့နေတဲ့အပေါ် ပူးတွဲကူညီလုပ်ဆောင် ပေးဖို့ တောင်းဆိုထားတဲ့အပေါ် ယူအီးအက်ဖ်အေက တောင်းပန်စာ ထုတ်ပြန်ခဲ့ပြီး ငြင်းပယ်လိုက်ပါတယ်။

ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ က မန်ယူနိုက်တက်သို့ ပြန်သွားလိုနေပြီး ၄င်းကို အာဆင်နယ်၊ ဒေါ့မွန်တို့ကလည်း လိုက်လံ ချိတ်ဆက်နေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ဇာဟာ အတွက် ပေါင် သန်း ၁၀၀ တောင်းဆိုနေပါတယ်။