ဒီရာသီမှာ မန်ယူအသင်းဟာ မန်နေဂျာအပြောင်းအလဲ ဖြစ်ထားသလို နွေအပြောင်းအရွှေ့မှာတော့ ကစားသမား ခေါ်ယူမှုမှာ အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာပါမယ်။

ဖာဂီနောက်ပိုင်း ဒုတိယမြောက် အဆိုးရွားဆုံးရာသီတစ်ခုကို ကျော်ဖြတ်ထားရတဲ့ မန်ယူဟာ မန်နေဂျာဟောင်း မော်ရင်ညိုလက်ထက်မှာ ကစားသမားတွေ အပြိုင်အဆိုင် ပုံစံတစ်ရပ်နဲ့ အသင်းကို ထိန်းကျောင်းခဲ့ပြီး လာမယ့်ရာသီမှာတော့ မတူညီတဲ့ အနေအထားတစ်ရပ်ကို ရောက်လာပါမယ်။

မန်နေဂျာဆိုးရှားဟာ သမိုင်းတစ်ခေတ်ဖြစ်ခဲ့တဲ့ မန်ယူအသင်းကို ပြန်လည်တည်ထောင်မယ်လို့ ပြောဆိုထားပြီး ကစားသမားခေါ်ယူမှုမှာ လျှင်မြန်ပြီး ပြေးနှုန်းကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူလိုပါတယ်။ အဓိကအားဖြင့် နာမည်ကျော်တွေအစား ရွက်ပုန်းသီးလေးတွေကို ရွေးထုတ် ခေါ်ယူလိုတာပါ။

ယာယီနည်းပြဘဝနဲ့ အမြဲတမ်းနည်းပြဘဝမှာ မန်ယူစီနီယာကစားသမားတွေကို နည်းစနစ်ပိုင်း အပြောင်းအလဲတွေ ကစားစေခဲ့တဲ့ ဆိုးရှားဟာ လူငယ်အသားပေးနဲ့ ကောင်တာတိုက်စစ်အသားပေးကို ကစားမှာဖြစ်ပြီး ကလပ်အသင်း တာဝန်ရှိသူတွေက မန်နေဂျာ အလိုရှိတဲ့ ကစားသမားတွေကို အဓိက ခေါ်ယူပေးပါမယ်။

မော်ရင်ညိုလက်ထက်မှာ အသင်းတာဝန်ရှိသူတွေနဲ့ ဆန့်ကျင်ပြီး အတွေ့အကြုံရင်တဲ့ ဝါရင့်ကစားသမားတွေကို အဓိက ခေါ်ယူလိုခဲ့တယ်။ ဘေလ်း၊ ဂိုဒင်တို့လို ကစားသမားတွေကို အသင်းလူစာရင်းမှာ ထည့်သွင်းလိုခဲ့ပေမယ့် မန်ယူဘုတ်အဖွဲ့ကတော့ ငယ်ရွယ်ပြီး ဈေးကွက်မှာ တန်ဖိုးကျမသွားနိုင်တဲ့ ကစားသမားတွေကို အလိုရှိခဲ့ပါတယ်။

ဆိုးရှားကတော့ အသင်းအပေါ် ပေးဆပ်လိုစိတ်ရှိတဲ့ လူငယ်ခြေတက်တွေကိုပဲ ဦးစားပေးခေါ်ယူလိုတာက အသင်းဘုတ်အဖွဲ့ရဲ့ ဆန္ဒနဲ့ ထပ်တူညီပြီး ကလပ်အသင်းပေါ်လစီနဲ့လည်း ကိုက်ညီပါတယ်။ ဒါကြောင့် နွေအပြောင်းအရွှေ့မှာ မန်ယူက မန်နေဂျာဆိုးရှားကို အပြည့်အဝ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

မန်ယူဟာ လူငယ်ခြေတက်တွေထဲက ဒန်နီရယ်ဂျိမ်းစ်၊ လောင်းစတပ်နဲ့ ဆက်ဆက်နွန်စတဲ့ လူငယ်ခြေတက်ကစားသမားတွေကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် ဒီလစ်၊ ကူလီဘာလီနဲ့ ဆန်ချိုလို ထိပ်တန်း ကစားသမားတွေကိုလည်း ချိတ်ဆက်နေဆဲဖြစ်တယ်။ ထပ်မံ ချိတ်ဆက်မှုတွေကလည်း အရည်အချင်းရှိ လူငယ်ကစားသမားတွေပဲ ဖြစ်လာတော့မှာပါ။

မန်ယူအသင်းရဲ့ နွေချိတ်ဆက်မှု အားလုံးဟာ ငယ်ရွယ်တဲ့ လူငယ်ခြေတက်တွေ၊ ထိပ်တန်အဆင့်မှာရှိတဲ့ အရွယ်ကောင်း ကစားသမားတွေဖြစ်နေတာကို မြင်ရမှာဖြစ်ပြီး လာမယ့်ရာသီအတွက် မန်ယူရဲ့ ခေါ်ယူမှုတွေဟာ နုပျိုပြီး လျှင်မြန်အားကောင်းတဲ့ မန်ယူအသင်းကို ပြန်လည်တည်ထောင်ဖို့ရာ အပြောင်းအလဲတွေ စတင်နေတာပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။