မန်ယူဟာ အင်္ဂလန်လူငယ် တိုက်စစ်မှူး ရပ်ဖိုဒ့်အတွက် အကျိုးအမြတ်များမယ့် စာချုပ်သစ်နဲ့အတူ ကာလရှည် သက်တမ်းတိုးနိုင်ဖို့ ကမ်းလှမ်းမှု ပေးပို့ဖို့ ပြင်ဆင်ခြင်းတွေကို စတင်ထားခဲ့ပါပြီ။

မန်နေဂျာဟောင်း မော်ရင်ညိုလက်ထက်မှာ ခက်ခဲတဲ့ ကာလတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဆိုးရှားလက်ထက်မှာ တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်နေတဲ့ ရပ်ဖိုဒ့်ဟာ ကလပ်အသင်း လက်တလော သက်တမ်းတိုးဖို့ ကြိုးစားနေသူတွေထဲက တစ်ဦးဖြစ်ပါတယ်။

ရပ်ဖို့ရဲ့ လက်ရှိ စာချုပ်က 2020 မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ သဘောတူညီမှု ပါဝင်ပါတယ်။ စာချုပ်သစ်မှာတော့ ရပ်ဖိုဒ့်အား လက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ခုနှစ်သောင်းခွဲရဲ့ သုံးဆဖြစ်တဲ့ ပေါင် နှစ်သိန်းကျော်အပြင် အပိုဆုကြေးတွေ ထပ်မံ ပေးအပ်မှာပါ။

ရပ်ဖို့အတွက် ပေးအပ်မယ့် စာချုပ်ကာလဟာ ၂၀၂၅ ခုနှစ် ထိ သက်တမ်းရှိသွားနိုင်တဲ့ ၆ နှစ်စာချုပ် ဖြစ်ပါမယ်။ ကနဦး ၅ နှစ်နဲ့ ၁၂ လ ထပ်တိုးခွင့် ပါဝင်တဲ့ စာချုပ် ဖြစ်လာမှာပါ။ ဒါဟာ အကယ်ဒမီထွက် တိုက်စစ်သမားလေးအတွက် မန်ယူဘက်က ပြသမယ့် ယုံကြည်မှုလည်းဖြစ်တယ်။

ရပ်ဖို့ကို အင်္ဂလန်ပြည်ပ ကလပ်တွေက စိတ်ဝင်စားနေပေမယ့် ကစားသမားက အိုထရတ်ဖိုဒ့်မှာပဲ ကာလရှည် ဆက်ရှိနေဖို့ ရည်ရွယ်နေပါတယ်။ ဒါပေမယ့် စာချုပ်သစ် မချုပ်ခင် ကလပ်ဘက်က ရည်ရွယ်ကြီးတွေ ရှိပါကြောင်း သက်သေပြဖို့တော့ ကစားသမားက မျှော်လင့်နေပါတယ်။