မန်စီးတီးတို့ FA ဖလား အနိုင်ရလိုက်တာကြောင့် မန်ယူရဲ့ ရာသီကြို ပြင်ဆင်မှုဟာ အဆင်ပြေချောမွေ့ခဲ့ပြီဖြစ်ပြီး မူလ အစီအစဉ်အတိုင်း ရာသီကြို ပြင်ဆင်ရေးတွေကို စတင်နိုင်ပါတော့မယ်။

ဒီရာသီမှာ အဆင့် ၆ နဲ့ ရာသီသိမ်းခဲ့လို့ မန်ယူက ချန်ပီယံလိဂ် မဝင်ခဲ့ပါဘူး။ အင်္ဂလန်မှာက အဆင့် ၅ အသင်းက ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်ရသလို ကျန် ယူရိုပါလိဂ်ဝင်ခွင့် နှစ်သင်းက ကာရာဘောင်း ချန်ပီယံနဲ့ FA ဖလား ချန်ပီယံတွေပဲ ဝင်ခွင့်ရထားတာဖြစ်တယ်။

မန်စီးတီးက ကာရာဘောင်းဖလား အနိုင်ရထားလို့ ပရီးမီးယားလိဂ် အဆင့် ၆ က မန်ယူဟာ ယူရိုပါလိဂ်မှာ ခြေစစ်ပွဲကနေ ဝင်ခွင့်ရထားခဲ့တယ်။ ဒီတစ်ကြိမ် FA ဖလားမှာပါ မန်စီးတီး ဗိုလ်ဆွဲတာကြောင့် မန်ယူဟာ ယူရိုပါလိဂ်ဖလားကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါပြီ။

ယူရိုပါလိဂ် အုပ်စုတွင်း တိုက်ရိုက်ဝင်ပြီဖြစ်လို့ စပါးနဲ့ ယှဉ်ပြိုင်ရမယ့် ချစ်ကြည်ရေးပွဲကို ပယ်ဖျက်စရာ မလိုတော့ပါဘူး။ အဲ့သည်လို မဟုတ်ခဲ့ရင် မန်ယူဟာ ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားရမှာဖြစ်လို့ ရာသီကြို ပြင်ဆင်မှုကို အခြားသော အသင်းတွေနည်းတူ လုပ်နိုင်မှာ မဟုတ်ပဲ ရာသီသစ်ပြင်ဆင်မှုတွေအတွက် အနှောက်အယှက် ဖြစ်စေမှာပါ။

အင်္ဂလန်လိဂ်မှာတော့ အဆင့် ၅၊ ၆ တို့က ယူရိုပါလိဂ် တိုက်ရိုက်ဝင်မှာဖြစ်ပြီး အဆင့် ၇ မှတ် ဝုဗ်ကတော့ ခြေစစ်ပွဲကနေ ပါဝင်ကစားရမှာဖြစ်ပါတယ်။