မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမားဖြစ်တဲ့ ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့အတွက် လက်ရှိရာသီမှာ အေဂျက် အသင်းနဲ့အတူ အောင်မြင်ခဲ့တဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို ပစ်မှတ်ထားနေပါတယ်။

မန်ယူအသင်းက စပိန်သား ဒီဂီယာနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ အဆင်ပြေခြင်းမရှိသေးပါဘူး။ ဒီဂီယာရဲ့ လက်ရှိစာချုပ်မှာ တစ်နှစ်သာ ကျန်ရှိတော့တာကြောင့် လာမယ့်ရာသီအကုန်မှာ ဒီဂီယာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိသွားမှာ ဖြစ်တဲ့အပြင် လာမယ့်၂၀၂၀ ဇန်နဝါရီလထဲမှာ နိုင်ငံခြားအသင်းတွေနဲ့ တရားဝင်ဆွေးနွေးခွင့်ရရှိသွားဖို့ ရှိနေပါတယ်။

ဒေးဗစ်ဒီဂီယာဟာ မန်ယူနဲ့အတူ ဘောလုံးရာသီ (၈)ရာသီကြာဖြတ်သန်းခဲ့ပြီဖြစ်ပြီး သက်တမ်းတိုး စာချုပ်မှာ တစ်ပတ် ပေါင် ၄ သိန်း ဝန်းကျင် ရရှိနေတဲ့ အလက်ဆစ် ဆန်းချက်နီးပါး လစာတစ်ရပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူအသင်း စီအီးအို အက်ဒ်ဝုဒ်ဝါ့ဒ်က ဒီဂီယာရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ဆန္ဒမရှိပါဘူး။

ဒီဂီယာဟာ ဝုဒ်ဝါ့ဒ်ရဲ့ ငြင်းဆိုမှုနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေသလို မန်ယူအသင်းဘက်ကလည်း ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့ ဂိုးသမားသစ်တွေ ကို လိုက်လံရှာဖွေနေပြီလို့ သိရပါတယ်။

မန်ယူအသင်းဟာ အေဂျက်ဂိုးသမား အိုနာနာအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် အေဂျက်ဟာ၎င်းတို့ရဲ့ ဂိုးသမားအတွက် ပေါင်(၃၅)သန်း တန်ကြေး သတ်မှတ်ထားပြီး မန်ယူရဲ့ကမ်းလှမ်းမှုကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အိုနာနာအတွက် အေဂျက်တောင်းဆိုထားတဲ့ ပမာဏကို ပေးချေလိုခြင်းမရှိပါဘူး။

လက်ရှိအချိန်မှာတော့ ဒုတိယ ဦးစားပေးအနေနဲ့ ဘာစီလိုနာ အရန်ဂိုးသမား ဂျက်စပါဆီလက်ဆန်ကို ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ၄င်းတို့ရဲ့ ဂိုးသမားအတွက် ပေါင်(၂၅)သန်းကျော်သတ်မှတ်ထားတယ်လို့ သိရပြီး ကင်မရွန်းလက်ရွေးစင် အိုနာနာထက် ဈေးအနည်းငယ် သက်သာဖွယ် ရှိပါတယ်။