မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ၀က်ဖို့ဒ်ကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို စတားလင်းက ဟက်ထရစ်နဲ့ ၃ ဂိုး၊ ဒေးဗစ်ဆေးဗား၊ ဒီဘရိုင်းနဲ့ ဂျီဆုတို့က ၁ ဂိုးစီ သွင်းယူပေးသွားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီရာသီ အင်္ဂလန်ပြည်တွင်းဖလားများ အားလုံး ကွန်မြူနတီဖလား၊ ကာရာဘောင်း၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့ တစ်ရာသီတည်း အကုန် ရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဂွာဒီယိုလာကတော့ အခုလို ပြည်တွင်းဖလား သုံးလုံးလုံး ခြေမချော်ဘဲ ရအောင်ယူရတာက ချန်ပီယံလိဂ်ဖလား ရယူရတာထက်ပင် ခက်ခဲကြောင်း ပြောကြားလိုက်ပါတယ်။

မန်စီးတီးအသင်း ခေါင်းဆောင် ဗင်းဆင့် ကွန်ပနီကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂိုးပြတ်အနိုင်ရခဲ့တာက စီးတီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းပဲ ဆိုတာ ထပ် သက်သေထူတဲ့ပွဲလို့ တင်စားသွားပါတယ်။

မန်စီးတီးခံစစ်မှူးဟောင်း ၀ိန်းဘရစ်ခ်ျက အသင်းကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ လျှော့တွက်ခံရလေ့ ရှိပေမယ့် အင်နီယေစတာလို ဖန်တီးမှုကောင်းကောင်းနဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်တယ်လို့ ဘာစီလိုနာ ကြယ်ပွင့်ဟောင်းနဲ့ နှိုင်းယှဉ် ချီးကျူးလိုက်ပါတယ်။

မန်စီးတီးဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ရိုဒရီအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့ပြီလို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။ အသက် 22 အရွယ် ကွင်းလယ်လူကို နွေရာသီ အဓိက ခေါ်ယူမှုအဖြစ် အင်အားဖြည့်ဖို့ မန်စီးတီးက ရည်ရွယ်လာတာပါ။

ဆာနေးနဲ့ မန်စီးတီး အသင်းကြား စာချုပ်က ၁၈ လသာ ကျန်ရှိပြီး ကစားသမားဘက်က သက်တမ်းတိုးဖို့ ဆိုင်းငံ့ထားတာကြောင့် ဆာနေးကို ဆက်လက်ထိန်းထားဖို့ မသေချာကြောင်း ဂွာဒီယိုလာက ၀န်ခံထားပါတယ်။ ဂျာမန်သား တောင်ပံတိုက်စစ်သမားကို ဘိုင်ယန်မြူးနစ်က အလိုရှိနေတာပါ။