မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆိုင်းငံ့ထားတယ် ဆိုတဲ့ သတင်းများအပေါ် ၄င်းရဲ့ အစ်ကို ဖြစ်သူ အေးဂျင့်က ငြင်းဆိုခဲ့ပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း ပွဲစဉ်တွေထဲ ကွင်းဝင်ပရိသတ်အများဆုံး အသင်း မန်ယူအသင်းက တစ်ပွဲ ပျမ်းမျှ ပရိသတ် 74,498 နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

မန်ယူအသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ “Premier League Grounds Team of the Season” တစ်ရာသီစာ အကောင်းဆုံး မြက်ခင်းပြင်ဆု ရရှိသွားခဲ့ပါတယ်။ ဒါဟာ အိုးထရက်ဖို့ဒ်မှာ ကွင်းမြက်ခင်းပြင်ကို မြင့်မားတဲ့ စံနှုန်းတွေနဲ့ အကောင်းဆုံ ထိန်းသိမ်းနိုင်ခဲ့တာကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ယူနည်းပြ ဆိုးရှားက အသင်းကစားသမားတွေကို ရာသီကြိုလေ့ကျင့်ရေးအတွက် စောစီးစွာ အသင်းထံ ပြန်လာဖို့ တိုက်တွန်းထားပါတယ်။ ကစားသမားတွေဟာ ဇူလိုင် ၁ ရက်နေ့မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ အရောက် ပြန်လာ သတင်းပို့ကြရမှာပါ။

ချန်ပီယံလိဂ် ၀င်ခွင့်မရခဲ့တာကြောင့် မန်ယူရဲ့ကမ်းလှမ်းမှုကို ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုက ပယ်ချထားသော်လည်း အသင်းမှာ ၄င်းရဲ့ နိုင်ငံအသင်းဖော် တိုက်စစ်သမားများ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ လင်ဂတ်တို့ ရှိနေတာက ဆန်ချိုကို ဆွဲဆောင်နိုင်တဲ့ အကြောင်း ဖြစ်မယ်လို့ ဆိုးရှားက တွက်ဆထားကာ လက်မလျှော့သေးပါဘူး။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဘောလုံးသုံးသပ်သူ ရော်ဘီဆားဗေ့က မန်ချက်စတာယူနိုက်တက်ဟာ စီးတီး ချန်ပီယံလိဂ် မရမချင်း မန်စီးတီးရှေ့မှာပဲ အမြဲ ရှိနေလိမ့်မယ်လို့ မှတ်ချက်စကား ဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ဒီရာသီ ပြည်တွင်းဖလား အကုန် သိမ်းပိုက်လိုက်တာတောင် ယူနိုက်တက်ကို ကျော်နိုင်မှာ မဟုတ်ဘူးလို့ ၄င်းက ဆိုလိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ဖူဟမ်မှာ လူငယ်ကစားသမား ရိုင်ယန် ဆီဂတ်ဆန်ကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းမှုတွေ ပြုလုပ်ထားတယ်လို့ စကိုင်းစပေါ့မှာ ဖော်ပြထားပါတယ်။ ၄င်းကို ဂျူဗင်တပ်၊ စပါးတို့ကလည်း စိတ်ဝင်စားနေပြီး တရားဝင် ချိတ်ဆက်မှုတော မလုပ်ထားကြပါဘူး။

မန်ယူက ဒီနွေမှာ ဘာစီလိုနာမှ ထွက်ခွာဖွယ် ရှိတဲ့ ဂိုးသမား ဂျက်စပါ စီလက်ဆန်ကို ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဟော်လန်သားဟာ ၂၀၂၁ ထိ စာချုပ် ကျန်ရှိသေးပေမယ့် ပွဲကစားခွင့် ရဖို့ အသင်းပြောင်းလိုတာ ဖြစ်ပြီး ၄င်းကို ဘင်ဖီကာကလည်း ချိတ်ဆက်နေပါတယ်။ စီလက်ဆန်ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၆၀ ဖြစ်ပေမယ့် အဲဒီထက် လျော့ပြီး ဘာစီလိုနာက လက်လွှတ်ဖို့ ရှိပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်စီးတီးက ဝတ်ဖို့ကို အနိုင်ရလိုက်တာကြောင့် မန်ယူအသင်း အနေနဲ့ ရာသီကြို ပြင်ဆင်မှုကို အစောကြီး ပြန်စတင်စရာ မလိုတော့သလို၊ ယူရိုပါလိဂ်မှာလည်း အုပ်စုအဆင့်ကို တိုက်ရိုက် ဝင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။