မန်ယူအသင်း စီအီးအို အက်ဒ်ဝုဒ်ဝက်က ဒီဂီယာဖက်က တောင်းဆိုထားတဲ့ လစာကို ငြင်းဆန်လိုက်တာကြောင့် ကစားသမားရဲ့အနာဂတ်က မရေမရာဖြစ်လာနေပါတယ်။

ဒေးဗစ်ဒီဂီယာဟာ လွန်ခဲ့တဲ့ရှစ်နှစ်က အက်တလက်တီကို မက်ဒရစ်အသင်းကနေ မန်ယူကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရောက်ခါစ နှစ်တွေမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ အသင်းရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်လာပြီး အကောင်းဆုံး လက်စွမ်းပြခဲ့ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာတော့ လက်စွမ်းအနည်းငယ်ကျဆင်းနေခဲ့ပြီး မဖြစ်သင့်တဲ့ အမှားတချို့ ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်တော့တဲ့ ဒီဂီယာဟာ မန်ယူရဲ့လစာအများဆုံး ကစားသမားဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်နဲ့ လစာ တန်းတူရရှိဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေကဆိုပါတယ်။ ဆန်းချက်ဇ်ရဲ့ တစ်ပတ်လုပ်ခကတော့ ပေါင်လေးသိန်းဖြစ်ပါတယ်။
ဒါပေမယ့် ဝုဒ်ဝက်ဒ်က သူ့အနေနဲ့ ဆန်းချက်ဇ်ကို ဒီလောက် လစာအများကြီးပေးခဲ့တာဟာ သိပ်မှားခဲ့တယ်လို့ ယူဆနေတာပါ။

ဝုဒ်ဝက်ဒ်က ဒီဂီယာနဲ့ပတ်သက်ပြီး အလားတူအမှားမျိုး ထပ်မဖြစ်ချင်တဲ့အတွက် ဒီလောက်များပြားတဲ့ လစာငွေမျိုးမပေးနိုင်ကြောင်း အေးဂျင့်ဖြစ်သူကို အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ ဒီဂီယာရဲ့အနာဂတ်က မသေမချာဖြစ်လာပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဒီဂီယာနဲ့ စာချုပ်သစ်ကိစ္စအတွက် ညှိနှိုင်းနေဆဲဖြစ်ပြီး သူ့နေရာအစားထိုးဖို့ တခြား ဂိုးသမား ရှာဖွေနေတဲ့ သတင်းတွေ ရှိနေပေမယ့် အသင်းဘက်က တရားဝင် ကမ်းလှမ်းထားတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

မန်ယူလိုက်နေတဲ့ ဂိုးသမားတွေကတော့ အေဂျက်မှ အိုနာနာနဲ့ ဘာစီလိုနာ အရန် ဂိုးသမား ဂျက်စ်ပါ စီလက်ဆန်တို့ ဖြစ်ပါတယ်။ အိုနာနာကို မန်ယူဘက်က ကမ်းလှမ်းမှုလုပ်ခဲ့သေးတယ်လို့ သတင်းထွက်ထားပါသေးတယ်။

ဒီဂီယာကို PSG အသင်းက အထူးစိတ်ဝင်စားနေပြီး ဂျူဗင်တပ်စ်ကလည်း စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။ အခုလို အသင်းရလဒ်တွေဆိုးရွားပြီး သူကိုယ်တိုင်လည်း လက်စွမ်းကျဆင်းနေချိန်မှာ လစာတိုးတောင်းတဲ့ ဒီဂီယာကို မန်ယူပရိသတ်တချို့က မကျေနပ်ဖြစ်နေကြပါတယ်။