မန်ယူအသင်းဟာ နွေအပြောင်းအရွှေ့မှာ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံကစားသမား ဘစ်ဆာကာကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးခေါ်ဖို့ စီစဉ်နေကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြလာပြန်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဘစ်ဆာကာဟာ ပဲလေ့စ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေပြီး ငယ်ရွယ်ဟာ ကစားအားကောင်းမွန်သူပါ။ ဘစ်ဆာကာဟာ ပွဲထွက်ကစားခွင့်တွေ ရလာတာ မကြာသေးပေမယ့် အတွေ့အကြုံများပြီး အင်္ဂလန်ယူ-၂၁ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

မန်ယူအသင်းမှာ အံဝင်နိုင်မယ်လို့လည်း အများက ယူဆနေတဲ့ သူ့ကို ပဲလေ့စ်အသင်း တာဝန်ရှိသူတွေက ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ရမှ ရောင်းချဖို့ရှိနေကြောင်း သိရပါတယ်။ မန်ယူအသင်းကလည်း အားနည်းနေတဲ့ ခံစစ်အတွက် ဘစ်ဆာကာကို ပေါင်သန်း ၆၀ နဲ့ ပေးခေါ်ဖို့ ရှိနေတာပါ။

ဘစ်ဆာကာနဲ့ ပဲလေ့စ်ကြားမှာ ၃ နှစ်စာချုပ် သက်တမ်းကျန်နေသေးတာပါ။ ဘစ်ဆာကာဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၅ ပွဲ ကစားထားရတယ်။ မန်ယူဟာ နာပိုလီအသင်းက ဆီနီဂေါနောက်ခံလူ ကူလီဘာလီကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူအသင်းဟာ ခံစစ်မှာ ပြိုင်ဘက်အသင်းတွေထက် အားနည်းနေတာကို ဆိုးရှားက ပြုပြင်ဖို့ အလိုရှိနေတယ်။ မန်ယူအသင်းခေါ်ယူမယ့် ခံစစ်ကစားသမားတွေထဲမှာ ဘစ်ဆာကာလည်း ပါဝင်နေပါတယ်။