ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အီဘာနဲ့ ၂-၂ သရေကျခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုဖြစ်တဲ့ Pichichi Trophy ကို ၃ ကြိမ်ဆက် အနိုင်ရခဲ့ပါတယ်။

မက်ဆီဟာ ဒီတစ်ကြိမ်အပါအ၀င်ဆိုရင် ဒီဆုကို ၆ ကြိမ်မြောက်အဖြစ်ရရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၆၆ နှစ်က စံချိန်တစ်ခုကို လိုက်မှီခဲ့ပါတယ်။ လိဂ်ဂိုး ၃၆ ဂိုးနဲ့ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုကို ၃ ကြိမ်ဆက်တိုက်ရရှိဖို့လည်း နီးစပ်နေပြီ ဖြစ်ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၁၂ ဂိုးသွင်းကာ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေပြီး ဥရောပရွှေဖိနပ်ဆုစာရင်းမှာလည်း သွင်းဂိုး ၃၆ ဂိုးရရှိထားကာ ဒုတိယနေရာက ကပ်လိုက်နေတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီကို ၄ ဂိုးအထိ ဖြတ်ထားပါတယ်။ လီဂူး ၁ ပြီးဆုံးဖို့ တစ်ပွဲ ကျန်နေသေးလို့ မက်ဆီကို မီမလားဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်။

မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုကို ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာ ၅ ကြိမ်ရခဲ့ဖူးပြီး ဒီရာသီမှာ ရွှေဖိနပ်ဆုကို ဆက်လက်ရယူနိုင်မယ်ဆိုရင် သူ့အတွက် ၃ ကြိမ်ဆက်ဖြစ်ပြီး ကစားသမားဘ၀မှာဆိုရင်တော့ ၆ ကြိမ်မြောက်ဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာပြိုင်ပွဲအရပ်ရပ် ၄၉ ပွဲကစားပြီး သွင်းဂိုး ၅၀ ပြည့်ခဲ့လို့ ကစားသမားဘ၀မှာ ၆ ကြိမ်မြောက် တစ်ရာသီ သွင်းဂိုး ၅၀ ပြည့်ခဲ့တာလို့လည်း သိရပါတယ်။