မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့ပေမယ့် နွေမှာ ကလပ်အသင်းကို လာချင်တဲ့ ထိပ်တန်းကစားသမားတွေ အများအပြားရှိနေနေတယ်လို့ မန်နေဂျာဆိုးရှားက ထုတ်ပြောထားဖူးပါတယ်။

လက်တလောမှာလည်း ထိပ်တန်းကစားသမားတွေ၊ လူငယ်သွေးသစ်တွေက ကလပ်အသင်းနဲ့ ချိတ်ဆက်မှုရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး အဆိုပါ သတင်းတွေက မှန်ကန်ကြောင်း ဖော်ထုတ်သူက ပေါ်ပေါက်လာခဲ့ပါပြီ။

မန်ယူအသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေက မှန်ကန်ကြောင်း ထုတ်ပြောလာသူက တိုက်စစ်မှူးလူကာကူရဲ့ အေးဂျင့်ပဲဖြစ်ပါတယ်။ သူက နွေမှာ မန်ယူနိုက်တက်ဟာ အောင်မြင်တဲ့ ခေါ်ယူမှုတွေ များစွာကို ပြုလုပ်လိမ့်မယ်လို့ ဆိုပါတယ်။

မန်ယူဟာ ကြားဝင်ဆောင်ရွက်ပေးသူတွေကို ထိုက်တန်တဲ့ အဖိုးအခတွေ ပေးမှုနှုန်း မြင့်မားတာကြောင့် ကလပ်အသင်းအတွက် ချိတ်ဆက်ပေးတဲ့ ပွဲစားတွေ အရမ်းကို များပြားတယ်လို့ သူကပြောခဲ့သလို ကမ္ဘာလုံးဆိုင်ရာမှာ ကျော်ကြားတဲ့ ကလပ်အသင်းဖြစ်လို့ အသင်းတာဝန်ရှိပုဂ္ဂိုလ် ဝုဒ်ဝတ်ဟာ စကားပြောမှုတွေ အများကြီး လုပ်နေရတယ်လို့လည်း ရှင်းပြပါတယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားများစွာနဲ့ သတင်းထွက်နေပြီး ကစားသမားတွေကို မန်ယူဘက်က ကမ်းလှမ်းခြင်းထက် ကစားသမားတွေရဲ့ အေးဂျင့်တွေက မန်ယူကို သူတို့ကစားသမားတွေ ပြောင်းလာဖို့ နည်းလမ်းရှာ သတင်းလွှင့်နေကြခြင်းပဲ ဖြစ်ပါတယ်။