လန်ဒန်သို့ ရောက်လာတဲ့ ပွဲဦးထွက်ရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာ ကို ရယူနိုင်ခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲကိုလည်း တက်လှမ်းထားနိုင်ပေမယ့် ချယ်ဆီး နည်းပြ ဆာရီရဲ့ အနာဂတ်ကတော့ မသေချာသေးပါဘူး။

အသက် ၆၀ အရွယ် အီတလီသားကြီး ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ အချိန်ကြာ နေချင်တယ် တွင်တွင်ပြောဆိုထားပေမယ့် အသင်းနဲ့ အနာဂတ်ကို သူကိုယ်တိုင် မသိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

ဒီတလောမှာ လန်ဒန်သတင်းတွေမှာ ဆာရီနေရာကို ချယ်ဆီး အမျိုးသမီးအသင်းနည်းပြ အမ်မာဟေးစ်နဲ့ အစားထိုးတော့မယ်လို့ အံ့အား သင့်ဖွယ် ဖော်ပြလာတာတွေ့ရပါတယ်။ ချယ်ဆီး အမျိုးသမီးနည်းပြ အမ်မာဟေးစ်က ဒီနှစ်မှာအဆင့် ၃ နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆာရီရဲ့ နေရာမှာ အစားထိုးဖို့ ရှိနေသူတွေအဖြစ် ကစားသမားဟောင်း လမ်းပတ်၊ လက်ထောက်နည်းပြ ဇိုလာ၊ အက်သလက်တီကို အသင်းနည်းပြ ဆိုင်မွန်နဲ့ ဂျူဗင်တပ်အသင်းမှ ပူပူနွေးနွေးလမ်းခွဲထားတဲ့ အယ်လီဂရီတို့ ရေပန်းစားနေပေမယ့် ထူးထူးခြားခြား ထပ် သတင်းထွက်လာသူကတော့ ချယ်ဆီး အမျိုးသမီးအသင်း နည်းပြချုပ် မစ် အမ်မာဟေးစ်ပဲ ဖြစ်ပါတယ်။

လက်ရှိမှာ သူမအနေနဲ့ ဆာရီနေရာမှာ အစားထိုးဝင်ရောက်မယ့် နည်းပြအဖြစ် ရေပန်းစားနေသလို ဟေးစ်ကိုယ် တိုင်ကလည်း အမျိုးသား ဘောလုံးလောကကို ခြေချဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြောထားတာရှိတယ်လို့ သိရပါတယ်။

“ ဘယ်လိုပဲဖြစ်ဖြစ် တနေ့တော့ ဒီအခြေအနေက ရောက်လာမှာပါပဲ၊ ချဲလ်ဆီးအသင်းက နေရာမှန်ဖြစ်ခဲ့ရင် အရာ အားလုံး အဆင် ပြေသွားနိုင်မှာပါ။ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်ရမှာပေါ့။ ဘောလုံးသမား ရှာဖွေမှုတွေ၊ ရွေးချယ်မှုတွေကအစ လေ့လာဖို့ လိုမှာပါ။ ဘာလို့လဲဆိုတော့ အမျိုးသမီးမှာ ပထမဆုံး လိုတာက အင်တာဗျူးပါ၊ ”

” ဒီအခါမှာ ဘုတ်အဖွဲ့က စမ်းသပ်မှု အချို့လိုအပ်မယ်ထင်ရင် လုပ်ဆောင်ပါတယ်၊ ဒါပါပဲ၊ဒါ ကြောင့် အခု အမျိုးသား ဘောလုံး လောကထဲဝင်မယ်ဆိုရင် ကျွန်မအတွက် တံခါးတစ်ချပ်ပွင့်လာခဲ့တယ်လို့ပဲ ဆိုရမှာပါ။” လို့ အမ်မာဟေးစ်က လွန်ခဲ့တဲ့ ဇန်န၀ါရီကတည်းက ပြောကြားထားခဲ့ဖူးပါတယ်။