မန်ချက်စတာယူနိုက်တက် နည်းပြဖြစ်သူ ဆိုးရှား အနေနဲ့ အသင်း အမေ့ခံတိုက်စစ်မှူး ဖြစ်တဲ့ ဂျိမ်းစ် ၀ီလ်ဆန်ကို အိုးထရက်ဖို့ဒ်ထံ ပြန်ခေါ်ပြီး နေရာပေးဖို့ တိုက်တွန်းမှုတစ်ခု ထွက်ပေါ်လာပါတယ်။

မန်ယူအကယ်ဒမီထွက် တိုက်စစ်မှူး ဂျိမ်းစ် ၀ီလ်ဆန်ဟာ အသက် ခုနှစ်နှစ်ကတည်းက အသင်း အကယ်ဒမီမှာ ပူးပေါင်းခဲ့ပြီး စီနီယာအဆင့်ကို ရောက်လာခဲ့တယ်။ သူဟာ စီနီယာကစားသမားဘဝ ပွဲ ၂၀ ကစားခဲ့ပြီး သွင်းဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဗန်ဟားလ် ရှိစဉ်က ပထမအသင်းမှာ အခွင့်အရေးပျောက်ခဲ့ပြီးနောက် ဘရိုက်တန်၊ ဒါဘီ၊ ရှက်ဖီးယူနိုက်တက်၊ အဘာဒင်း အစရှိသဖြင့် အသင်းများမှာ လှည့်လည် အငှားထွက် ကစားနေခဲ့ရပါတယ်။ ယခင်နည်းပြဟောင်း မော်ရင်ညိုရော လက်ရှိ နည်းပြ ဆိုးရှားကပါ အကယ်ဒမီထွက်လေးကို သတိပြုမိဟန် မရှိပါဘူး။

မန်ယူကစားသမားဟောင်းကြီး ကလေတန် ဘလက်မိုးကတော့ ၀ီလ်ဆန်ရဲ့ ခြေစွမ်းကို သတိပြုမိပြီး အဘာဒင်းအသင်းအတွက် ခြေစွမ်းပြ ဂိုးသွင်းယူထားတဲ့ ၀ီလ်ဆန်ကို ဘလက်မိုးက တွစ်တာမှ တဆင့် ချီးကျူးရင်း မန်ယူ အနေနဲ့ ၄င်းကို မေ့လျော့မထားဖို့ သတိပေးစကား ဆိုခဲ့တာပါ။

” ဂုဏ်ယူပါတယ် ဂျိမ်းစ် ၀ီလ်ဆန်ရေ။ အခု ဂိုးသွင်းသလို ပြီးခဲ့တဲ့ပွဲကလည်း Assists ၂ ကြိမ် လည်း လုပ်ခဲ့တယ်။ ယူနိုက်တက်က သူ့ကို အခွင့်အရေး ပေးသင့်ပါတယ်။” လို့ ဝေးစ်သားကြီးက တွစ်တာကနေ ပြောဆိုထားပါတယ်။

” ဗန်ဟားလ်ရှိစဉ်က ကစားပုံဟာ တိုက်စစ်သမားတွေ နံပါတ် ၁၀ သမားတွေ အတွက် သိပ်မကောင်းခဲ့ဘူး။ ပေးပို့မှုတွေ ဖြတ်တင်ဘောတွေ နည်းတယ်လေ။ ဒါပေမယ့် အခုဆို ၀ီဆန်ကိုသာ ဘောလုံး တင်ပေးလိုက်။ သူက လုပ်စရာ ရှိတာတွေ လုပ်သွားလိမ့်မယ်။” လို့ ၄င်းက ဆိုပါတယ်။

ဝီလ်ဆန်က ဗန်ဟားလ်ရှိစဉ် ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲ ပါဝင်ကစားခွင့်ရပြီး ဂိုးတစ်ကြိမ်သွင်းခဲ့ပါတယ်။ နောက်လမှာတော့ ရာသီကြို အစီအစဉ်များအတွက် ဂျိမ်းစ် ၀ီလန်ဆန်ဟာ အိုးထရက်ဖို့ဒ်ထံ ပြန်သွား ပူးပေါင်းဖြစ်မှာပါ။ ဒါပေမယ့် အနာဂတ်အတွက် ပါဝင်ခွင့် ရမရက မသိရသေးပါဘူး။