ပီအက်စ်ဂျီ တောင်ပံတိုက်စစ်မှူး အမ်ဘတ်ပီက ရာသီအကုန်မှာ ပေးအပ်မယ့် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုနဲ့ ပတ်သက်လို့ ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီကို သတိပေးစကားတစ်ခွန်း ပြောကြားသွားခဲ့ပါတယ်။

မက်ဆီဟာ အီဘာအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ ဘာစီလိုနာအသင်းအတွက် ၂ ဂိုးစလုံး သွင်းယူပေးခဲ့ပြီး ဒါဟာ သူ့အတွက် ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ၃၆ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ဥရောပရွှေဖိနပ်ဆု တန်းစီစာရင်းမှာ ရမှတ် ၇၂ မှတ်နဲ့ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်နေပြီ ဖြစ်ပါတယ်။

ပြင်သစ်ကြယ်ပွင့် အမ်ဘတ်ပီကကတော့ လက်ရှိအချိန်မှာ လီဂူးဝမ်း ၃၂ ဂိုး သာရရှိထားပြီး မက်ဆီထက် ၄ ဂိုး လျော့နည်းနေပေမယ့် ရာသီအပိတ်ပွဲတစ်ပွဲ ကစားရဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

အမ်ဘတ်ပီက ” ဒီနှစ် ဥရောပရွှေဖိနပ်ဆုကိုရယူဖို့ ကျွန်တော် မျှော်လင့်ထားတယ်။ မနေ့က မက်ဆီရဲ့ပွဲကိုကြည့်ဖို့ တစ်မှေး အိပ်လိုက်သေးတယ်။ သူ ၂ ဂိုးလည်း သွင်းပြီးရော အိပ်ရာထဲပြန်သွားခဲ့တယ်။ ကျွန်တော့်မှာ မိနစ် ၉၀ ရှိသေးတယ်။ အဲဒီဆုကို ရှုံးစရာအကြောင်း မရှိသေးပါဘူး” ” လို့ ပြောပါတယ်။

လီဂူးဝမ်း အပိတ်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် သွင်းဂိုး (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါက အမ်ဘတ်ပီဟာ လီယွန်နယ်မက်ဆီနဲ့ သွင်းဂိုးချင်း တူညီသွားမှာဖြစ်ပြီး အဆိုပါဥရောပ ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးသွားဖို့ ရှိနေပါတယ်။