PSG အသင်းဟာ မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ရာ အလိုရှိနေပေမယ့် နောက်ထပ်တစ်ရာသီစောင့်ပြီမှ ကြိုတင်သဘောတူညီမှု ရယူကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

မန်ယူဟာ ဒီဂီယာအတွက် တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ လစာနဲ့ သက်တမ်းတိုးစာချုပ်သစ် ဆွေးနွေးမှု ပြုလုပ်နေသော်လည်း ကစားသမားဘက်က ဆိုင်းငံ့ထားပါတယ်။ သက်တမ်းတိုး ညှိနှိုင်းဖို့ ကြံ့ကြာနေတာကြောင့် ဒီဂီယာရဲ့ လက်ရှိစာချုပ်မှပါတဲ့ တစ်နှစ် သက်တမ်းတိုးခွင့်ကိုလည်း အသက်သွင်းလိုက်ပြီးဖြစ်ကာ ၂၀၂၀ မှ စာချုပ်ကုန်ဆုံးမှာပါ။

PSG အသင်းတာဝန်ရှိသူတွေဟာ ဒီဂီယာကို ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၆၀နဲ့ ခေါ်ယူရေးထက် လာမယ့် ဇန်န၀ါရီလရောက်မှသာ အကြိုသဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူတွေနဲ့ ကမ်းလှမ်းမှုပြုလုပ်မယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။

ဒီဂီယာဟာ မန်ယူနဲ့အတူ ဘောလုံးရာသီ (၈)ရာသီကြာဖြတ်သန်းခဲ့ပြီဖြစ်ပြီး သက်တမ်းတိုး စာချုပ်မှာ တစ်ပတ် ပေါင် ၄ သိန်း ဝန်းကျင် ရရှိနေတဲ့ အလက်ဆစ် ဆန်းချက်နီးပါး လစာတစ်ရပ်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပေမယ့် မန်ယူအသင်း စီအီးအို အက်ဒ်ဝုဒ်ဝါ့ဒ်က ဒီဂီယာရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ဆန္ဒမရှိပါဘူး။

PSG ကလည်း FFP စည်းမျဉ်းကြောင့် ဒီဂီယာကို ခေါ်ယူဖို့က အခက်အခဲတွေ့နေပြီး အခုလို အကြိုသဘောတူညီမှုကို ရယူပြီး နောက်ရာသီမှ ခေါ်ယူဖို့ စီစဉ်နေတာလို့ သိရပါတယ်။