မန်စီးတီးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ဆုဖလားမရခဲ့တာကလွဲရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပြီး ကာရာဘောင်း ဖလားနဲ့ အက်ဖ်အေဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။ မန်စီးတီးအသင်း အောင်မြင်မှုတွေရခဲ့ရာမှာ ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ သူကတော့ ပေါ်တူဂီသား ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ဖြစ်ပြီး မန်စီးတီးအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားက မဲရာခိုင်နှုန်း ၄၈ ရရှိကာ မဲအများဆုံးရခဲ့ပြီး အဂူရိုနဲ့ စတာလင်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ၄င်းက အသက် ၂၄ နှစ် အရွယ်သာ ရှိသေးပြီး မန်စီးတီးကွင်းလယ် အင်ဂျင်လည်း ဖြစ်ပါတယ်။

စီးတီး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် ဘာနာဒိုဆေးလ်ဗားက လာမယ့်နှစ်မှာ ချန်ပီယံလိဂ်ဖလားယူမယ်လို့ ဆုရအပြီးမှာ ကတိပေးစကား ပြောကြားလိုက်ပါတယ်။

” အခုလိုမျိုး ဆုရခဲ့လို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေဟာ ကျွန်တော်တို့ကို ဒီရာသီမှာ တွန်းအားတွေပေးတယ်။ ပရိသတ်အား မပါဘဲနဲ့ ဘာမှလုပ်လို့မရပါဘူး။ လာမယ့်ရာသီသစ်မှာလည်း ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ပြန်လာဦးမှာပါ။ ပရိသတ်တွေအတွက် ဆုဖလားတွေအများကြီး ထပ်ရအောင် ကြိုးစားမှာပါ။ ”

” တစ်ရာသီလုံးကျွန်တော်တို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့တယ်။ အားလုံးအတွက် ထူးခြားတဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လိုနေတာ ချန်ပီယံလိဂ် ဖလားရဖို့ပါ။ ပရိသတ်တွေက ချန်ပီယံလိဂ်ရဖို့ ကျွန်တော်တို့ကို တွန်းအားတွေပေးကြပါ။ ကျွန်တော်တို့အတွက် ချန်ပီယံလိဂ် ဖလားလိုတယ်။ ဒီဆုရဖို့ ရှေ့ဆက်သွားမယ် ” လို့ ၄င်းက ပြောကြားခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က မိုနာကိုအသင်းကနေ ပြောင်းရွှေ့ကြေးယူရိုသန်း ၅၀ နဲ့ မန်စီးတီးကို ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ပထမရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲကစားခဲ့ပြီး ၉ ဂိုးသွင်းခဲ့သူပါ။ သူဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ခြေစွမ်းပိုကောင်းနေပြီး ၄၇ ပွဲ ကစားထားရာမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားဟာ မန်စီးတီးကစားသမားဘဝပွဲ ၁၀၀ ကစားထားပြီး ၂၂ ဂိုးသွင်းထားပါတယ်။