ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းနဲ့လမ်းခွဲသွားတဲ့ နည်းပြ အယ်လီဂရီမှည အစားဝင်လာဖို့ တစ်နိုင်ငံတည်းသား ဟိုဆေးမော်ရင်ညိုကို ဆန္ဒရှိနေပါတယ်။

မော်ရင်ညိုဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက မန်ယူနည်းပြရာထူးကနေ ထုတ်ပယ်ခံရပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေတာပါ။ မော်ရင်ညိုဟာ စီးရီးအေမှာ စံချိန်တင်အောင်မြင်မှုတွေ ရယူထားခဲ့ပြီး ရော်နယ်ဒိုကလည်း ရီးရဲလ်မက်ဒရစ်မှာ လက်တွဲဖူးတဲ့ နည်းပြဟောင်းနဲ့ ပြန်လည် လက်တွဲလိုပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မှာတော့ မော်ရင်ညိုနဲ့ သိပ်အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်တွေ ပီသစွာပဲ သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးကောင်းတွေ ဆက်ရှိနေဆဲဖြစ်တယ်။

မော်ရင်ညိုဟာ ရောက်တဲ့ လိဂ်တိုင်းမှာ ပြည်တွင်းဖလားရရှိဖို့ ဦးဆောင်နိုင်ခဲ့သလို ဥရောပချန်ပီယံဆုကိုလည်း အောင်မြင်ထားတဲ့ မန်နေဂျာဟောင်းဖြစ်တယ်။ သူ့ရဲ့ အတွေ့အကြုံတွေက ဂျူဗင်တပ်ကို ချန်ပီယံလိဂ်ဖလား အနိုင်ရစေဖို့ ဦးဆောင်နိုင်မယ်လို့ ယုံကြည်နေကြတယ်။

ဂျူဗင်တပ်ဟာ ချယ်ဆီးမန်နေဂျာဟောင်းတွေဖြစ်ကြတဲ့ ကွန်တီ၊ မော်ရင်ညိုအပြင်၊ လက်ရှိ ချယ်ဆီးမန်နေဂျာ ဆာရီနဲ့လည်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။