ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဥရောပတခွင် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံလာရတဲ့ အေဂျက်ဇ်ကစားသမားတွေထဲ ဆယ်ကျော်သက် အသင်းခေါင်းဆောင် ဒီလစ်က ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ ဒီလစ်ဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးပေမယ့် အသင်းကို အကောင်းဆုံး ဦးဆောင်ထားပြီး အေဂျက်ဇ်အသင်းအတွက် ပွဲပေါင်း တစ်ရာကျော် ပါဝင်ကစားပေးထားပါတယ်။

ဒီလစ်ရဲ့ ဟော်လန်အသင်းဖော် ခံစစ်မှူး ဗန်ဒိုက်က ၄င်းရဲ့ မိခင်ကလပ် လီဗာပူးအား ဒီလစ်ကို ခေါ်ယူသင့်ကြောင်း အကြံပြုထားပါတယ်။
လီဗာပူး ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ စံချိန်တင်ရမှတ် ၉၇ မှတ်ထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံမန်စီးတီးရဲ့နောက် တစ်မှတ် အကွာနဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရတာကြောင့် လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို ထပ်မံ စိန်ခေါ်နိုင်ဖို့ ဒီလစ်ကို ခေါ်ယူသင့်တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။

” အေဂျက်ဇ်မှာ၊ နယ်သာလန်လက်ရွေးစင်အသင်းမှာ သူစွမ်းဆောင်ပြခဲ့တာတွေကိုကြည့်ရင် ဒီလစ်ဟာ တကယ့်ပါရမီရှင် နောက်ခံလူကောင်း တစ်ယောက်ဆိုတာ မေးခွန်းထုတ်စရာမရှိပါဘူး။ လက်ရွေးစင်အသင်းမှာ ကျွန်တော်နဲ့ အပြန်အလှန်နားလည်မှု တည်ဆောက်ထားပြီးသား နောက်ခံလူတစ်ယောက် ဖြစ်နေတာကလည်း လီဗာပူးအတွက် အကျိုးရှိစေပါတယ်။”

” ပြီးတော့ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အတူတွဲကစားနေရမယ်ဆိုရင် ဒါဟာ ဒီလစ်အတွက်ရော၊ ကျွန်တော့်အတွက်ပါ အများကြီးအကျိုးရှိမယ့်ကိစ္စပါ။ လီဗာပူးအသင်းအနေနဲ့ လာမယ့်နှစ်မှာလည်း အခုလိုအကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဒီလစ်ကို ခေါ်ယူအားဖြည့်သင့်ပါတယ်” လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းဖက်က ဒီလစ်ကို ကမ်းလှမ်းမှု တစ်စုံတစ်ရာ ပြုလုပ်ထားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒီလစ်နဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ဥရောပအသင်းကြီးများစွာရှိပေမယ့် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်နှစ်သင်းကသာ အမှန်တကယ် ကမ်းလှမ်းထားသေးတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု (Golden Boy Award) ကို ဆွတ်ခူးထားနိုင်ခဲ့သူ ဒီလစ်ဟာ လက်ရွေးစင်အသင်းမှာလည်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်စ်နဲ့ အတွဲညီညီ ခြေစွမ်းပြကစားနေခဲ့ပါတယ်။