ရီးရဲမက်ဒရစ်နောက်ခံလူ ဗာရာနီကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မန်ယူဘက်က ကြိုးစားနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ကစားသမားက အပြောင်းအရွှေ့သတင်းများကို စိတ်မ၀င်စားပဲ ရီးရဲမက်ဒရစ်မှာပဲ ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားဆုရှင် ဗာရာနီကိုခေါ်ယူရန် မန်ယူအသင်းမှ ကာလကြာရှည် စိတ်ဝင်စားနေခဲ့ပြီး၊ ရီးရဲမက်ဒရစ်အသင်း၏ စိတ်ပျက်ဖွယ်ကောင်းသည့်ရာသီကိုဖြတ်သန်းပြီးခဲ့ပြီးနောက်တွင် စတင်ချိတ်ဆက်ခဲ့သည်။

မန်ချက်စတာယူနိုက်တက် နှင့် PSG အသင်းတို့သည် ဗာရာနီ၏ မိသားစု နှင့်တွေ့ဆုံပြီး အပြောင်းအရွှေ့လုပ်ရန်စကားပြောခဲ့သလို၊ ဂျူဗင်တပ်စ်အသင်းသည်လည်း ပြင်သစ်ကစားသမားကို ချိတ်ဆက်ခဲ့သည်။ ဒါပေမယ့်လို့ မည်သည့်အသင်းမှ ဗာရာနီကို ရီးရဲမက်ဒရစ်အသင်းမှ ထွက်ခွာသွားရန် စည်းရုံးနိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်

မည်သည့်အခြေအနေများကြုံတွေ့စေကာမူ ပြင်သစ်နောက်ခံလူ ဗာရာနီသည် တခြားအသင်းသို့ပြောင်းရွှေ့ရန်စိတ်မ၀င်စားပဲ ဇီဒန်းနှင့်အတူ နောက်ထပ်တိုက်ပွဲများဝင်သွားရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောခဲ့သည်။

“ဒီအသင်းမှာ နောက်ရာသီ ဆက်ရှိနေမှာပါ။ လာမဲ့ရာသီကို စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကျွန်တော်တို့အားလုံး အတူတူတိုက်ပွဲဝင်သွားမှာပါ။ ဒီရာသီမှာလည်း ကျွန်တော်တို့ဟာ ပြင်းပြင်းထန်ထန် ကြိုးစားပြီးတိုက်ခိုက်ခဲ့ပါတယ်။ ဘယ်အရာကို အဆိုးမမြင်ပါဘူး။ ကျွန်တော့်ဆီမှာ ခက်ခဲတဲ့အခိုက်အတန့်လေးရှိခဲ့တယ်ဆိုတာကို ကျွန်တော်လုံးဝ ၀န်ခံပါတယ်” လို့ ဗာရာနီက ဖြေခဲ့သည်။