မန်ယူ အကယ်ဒမီက ကစားသမားလေးတချို့ဟာ နောင်တစ်ချိန်မှာ အားကိုးရလာနိုင်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီက မန်ယူအတွက် အဆိုးထဲက အကောင်းလို့ ဆိုရမှာပါ။ ဆိုးရှားကလည်း အကယ်ဒမီကစားသမားလေးတွေကို လိုအပ်ရင် လိုအပ်သလို နေရာပေးခဲ့ပါတယ်။

မန်ယူအသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုအတွက် ဆယ်ကျော်သက်ကစားသမားလေး ၃ ယောက်ကို Goal သတင်းဌာနရွေးချယ်ပေးထားတာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

၃။ တာဟစ်ချောင်

မန်ယူ အသင်းကြီးနဲ့အတူ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ ရရှိမထားသေးပေမယ့် တာဟစ်ချောင်ဟာ အများကြီးတိုးတက်လာနိုင်မယ့် အလားအလာ ကောင်းတွေ တွေ့မြင်နေရပါတယ်။ ရီးဒင်းနဲ့ FA ဖလားပွဲမှာ အသင်းကြီးနဲ့အတူ ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့တဲ့ တာဟစ်ချောင်ဟာ PSG ကိုအဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ပွဲမှာလည်း လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲဒီနောက် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာလည်း ထပ်မံပါဝင်ခွင့် ရခဲ့ပါတယ်။ အသင်းကြီးနဲ့ အတူ ဂိုးမရသေးပေမယ့် လူငယ်အသင်းအတွက်တော့ ဂိုးတွေအများကြီး သွင်းယူပေးထားပါတယ်။ မန်ယူ လူငယ် အသင်းတွေအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားခဲ့ရာမှာ ၁၀ ဂိုး သွင်းယူထားခဲ့တာာပါ။

၂။ ဂျိမ်းစ်ဂါနာ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဆိုးလ်ရှားက အသက် ၁၇ နှစ်အရွယ် လူငယ်ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာကို ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ “ဂျိမ်းစ်ဂါနာဟာ ကာရစ်နောက်တစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်”လို့လည်း သူက မှတ်ချက် ပေးခဲ့ပါသေးတယ်။ ဂျိမ်းစ်ဂါနာဟာ မိုက်ကယ်ကာရစ်နဲ့ ကစားဟန်ဆင်တူပြီး ကွင်းလယ်ကနေ အသင်းရဲ့ ကစားအား အတက်အကျကို ထိန်းချုပ်ကစားလေ့ရှိသလို လိုအပ်လာရင် ဗဟိုနောက်ခံလူနေရာမှာလည်း ဆင်းကစားနိုင်တာ တွေ့ရပါတယ်။ ဒီနှစ် ဘောလုံးရာသီ လူငယ် အသင်း အတွက် စုစုပေါင်း ၂၇ ပွဲ ကစားပေးထားပါတယ်။

၁။ မာဆွန်ဂရင်းဝုဒ်

ဒီနှစ်အတွက်သာမက ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း မန်ယူအကယ်ဒမီရဲ့ အကောင်းဆုံးကစားသမားဖြစ်နိုင်ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီနှစ် ဘောလုံးရာသီ မန်ယူလူငယ်အသင်းတွေအတွက် ၂၉ ပွဲ ပါဝင်ကစားပေးထားပြီး ဂိုး ၃၀ သွင်းယူထားနိုင်ပါတယ်။ အသင်းကြီးအတွက်တော့ PSG ကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ကာဒစ်ဖ်နဲ့ ရာသီပိတ်ပွဲစဉ်မှာ မိနစ်ကိုးဆယ်ပြည့် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် မာဆွန်ဂရင်းဝုဒ်ဟာ မကြာခင်အချိန်အတွင်းမှာ အသင်းအတွက် အားကိုးရတဲ့ ကစားသမားဖြစ်လာမယ်လို့ အများစုက မျှော်လင့်နေကြပါတယ်။