မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ နည်းပြဆိုးရှားဟာ လူကာကူနဲ့ ပေါ့ဘာတို့ရဲ့ အဆုံးသတ်ပိုင်းစွမ်းရည် တိုးတက်လာဖို့ ကိုယ်တိုင် သင်ပြမှုတွေ လုပ်နေပါတယ်။

မကြာခင် ကျင်းပပြုလုပ်သွားမယ့် ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အမှတ်တရပွဲစဉ်အဖြစ် မန်ယူနဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းများ ပြန်လည်တွေ့ဆုံပွဲမှာ ဆိုးရှားလည်း ပါဝင်ကစားသွားမှာပါ။ အဲ့သည်မတိုင်ခင်တော့ ဆိုးရှားကိုယ်တိုင်က အဓိက ကစားသမားနှစ်ဦးကို သင်ပြမှုတွေ လုပ်နေခဲ့တယ်။

ဒီအကြောင်းကိုတော့ မန်ယူအရန်ဂိုးသမား လီဂရန့်က ပြောပြခဲ့တာဖြစ်ပြီး ဆိုးရှားဟာ အသက်ကြီးနေပေမယ့် ခြေစွမ်းပိုင်းက ထိပ်တန်းအဆင့်မှာ ရှိနေသေးတယ်လို့ သူကပြောပါတယ်။ သူကပဲ ဆိုးရှားက အသင်းသားတွေနဲ့ လေ့ကျင့်နေရတာကို ပျော်နေတယ်လို့ ပြောပါတယ်။

လီဂရန့်က “ လေ့ကျင့်ခန်းအစီအစဉ်မှာ ကျနော်ဟာ ပေါ့ဘာ၊ လူကာကူတို့နဲ့ တစ်ဦးချင်းဂိုးသွင်းမှု၊ ဂိုးပေါက်ကာကွယ်မှုတွေ လေ့ကျင့်နေပါတယ်။ အဲဒီမှာရုတ်တရက် နည်းပြကြီးဆိုးရှားက ကျနော်တို့နဲ့အတူ ထရိန်နင်လာဆင်းခဲ့ပါတယ်။

သူဟာ ပေါ့ဘာနဲ့ လူကာကူကို အဆုံးသတ်ပိုင်းနဲ့ ဂိုးသွင်းနည်းတွေ သင်ပေးနေခဲ့ပါတယ်။ သူ့ရဲ့ဂိုးသွင်းတိကျမှုက ကြောက်စရာကောင်းနေတုန်းပါပဲ၊ ဒါ ကျွန်တော် ရိုးရိုးသားသားပြောတာပါ ” လို့ ပြောကြားခဲ့ပါတယ်။