ဒီရာသီမှာ ဒဏ်ရာများကြောင့် ပွဲတော်တော်များများ ပါဝင်ကစားခွင့် မရခဲ့တဲ့ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းက နောက်ဘောလုံးရာသီမှာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လာမယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ကွန်ပနီ ကစားသမား – မန်နေဂျာ အဖြစ် သွားရောက် တာဝန်ယူမယ့် အန်ဒါလက်ခ်ျအသင်းထံ ခြေစွမ်းထက် လူငယ်ကစားသမားများ အငှားချထားပေးဖို့ ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်နည်းပြအဖြစ် လေးနှစ်စာချုပ်ချုပ်ဆိုသွားတော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မန်စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ကြိုးစားရဦးမယ်လို့ ပြောကြားခဲ့တဲ့ ဂွာဒီိယိုလာရဲ့ အနာဂတ်က အီတလီကလပ်နဲ့တော့ သတင်းတွေ အတော်ကျယ်ပြန်လာနေတာဖြစ်ပါတယ်။

မန်စီးတီး တောင်ပံတိုက်စစ်သမား ဂျက် ဟယ်ရီဆန်ကို လိဒ်အသင်းက ပေါင် သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူလိုနေပါတယ်။

မန်စီးတီးအသင်းကနေ ထွက်ခွာပြီ လို့ ကြေငြာပြီး ၂ ရက်အကြာမှာပဲ ဗင်းဆင့်ကွန်ပနီက ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းမှာ ပြန် ရွေးချယ် ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ဇွန်လထဲမှာ စကော့တလန်၊ ကာဇက်စတန်တို့နဲ့ ယူရိုခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။

လာလီဂါ ဥက္ကဌ Javier Tebas က မန်စီးတီးအသင်းဟာ ဘောလုံးအားကစားကို ဖျက်ဆီးနေတဲ့ အသင်း ဖြစ်တယ်လို့ စွဲချက်တင်လိုက်ပြီး ပီအက်စ်ဂျီနဲ့ မန်စီးတီးနှစ်သင်းလုံး ဥရောပ ပွဲတွေ ကစားဖို့ ပိတ်ပင်ခံရသင့်တယ် လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ အက်သလက်တီကို ကွင်းလယ်ကစားသမား ရိုဒရီကို ရဖို့အတွက် တိုက်စစ်မှူး ဂျီဆုကိုပါ ပြောင်းရွှေ့ကြေးထဲ တစိတ်တဒေသအဖြစ် ထည့်သွင်းကမ်းလှမ်းရန် ကြံရွယ်လာပါတယ်။