အာဆင်နယ်အသင်းရဲ့ ဂိုးသမား ပီတာဆက်ခ်ျက သူ့အနေနဲ့ ကစားသမားဘဝက အနားယူပြီးသည့်နောက်မှာ အသင်းဟောင်း ချယ်ဆီး အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူသွားမယ်ဆိုတဲ့ သတင်းများအပေါ် ငြင်းဆန်သွားခဲ့ပြီး ဗိုလ်လုပွဲ ကစားပြီးမှ ဆုံးဖြတ်ချက် ချမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ မီခီတာရန်ဟာ ချယ်ဆီးနဲ့ ရင်ဆိုင်ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ဖို့ရာ ဘာကူကို သွားမယ့် အာဆင်နယ်အသင်းနဲ့ လိုက်ပါမသွားဖို့ အတည်ပြု ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်တစ်ပတ် ဘာကုမှာ ယူရိုပါလိဂ် ဗိုလ်စွဲပြီး ဖလား ကိုင်မြှောက်နိုင်ပါက ကစားသမားများကို တစ်ယောက် ပေါင် ၅ သိန်း ဆုကြေး ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။

အာဆင်နယ် ဂိုးသမားဟောင်း လက်ရှိ ဂျူဗင်တပ်မှ ဂိုးသမား ဆက်ဇီနီဟာ အသင်းဖော်ဟောင်း ရမ်ဆေးအနေနဲ့ စီးရီးအေမှာ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ကြိုဆို ထောက်ခံလိုက်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျင်းဒါရိုက်တာ Vinai Venkatesham က ရမ်ဆေးကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ခဲ့ရသလိုမျိုး အသင်းဘက်က နောက်ထပ် အဖြစ်ခံတော့မှာ မဟုတ်ဘဲ စာချုပ်သက်တမ်း နောက်ဆုံး ၂ နှစ်ကျန်ရှိပြီး သက်တမ်း မတိုးလိုတဲ့ ကစားသမား မှန်သမျှ ရောင်းထုတ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ပြင်သစ် လက်ရွေးစင်နည်းပြ ဒတ်ချန့် ကြေငြာလိုက်တဲ့ ယူရိုခြေစစ်ပွဲများ ကစားမယ့် အသင်းလူစာရင်းမှာ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ ချန်လှပ်ခံခဲ့ရပါတယ်။ ၄င်းအစား ဆီဗီလာမှ ဘန်ယက်ဒါနဲ့ ချယ်ဆီးမှ ဂျီရူးတို့ ပါဝင်ခဲ့တာပါ။

စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၅၀ ရှိတဲ့ အက်သလက်တီကို မက်ဒရစ် ကွင်းလယ်ကစားသမား သောမတ် ပါတေးက ဒီအပြောင်းအရွှေ့မှာ ကမ်းလှမ်းလာတဲ့ အသင်းများရှိရင် ထွက်ခွာဖွယ် ရှိကြောင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ ပါတေးကို အာဆင်နယ်နဲ့ ယူနိုက်တက်တို့က ပစ်မှတ်ထားနေကြတာပါ။