ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး ဆိုးရွားနေတဲ့ ဂါရတ်ဘေးလ်ဟာ လာလီဂါကလပ်ကနေ ထွက်ခွာရမယ်ဆိုရင် လျော်ကြေးအဖြစ် သူ့ရဲ့ လက်ကျန်စာချုပ်မှာ ရရှိမယ့် လစာ ပေါင် ၅၁ သန်းကို ရလိုနေပါတယ်။

အသင်းဥက္ကဌ ပီရက်ဇ်က သဘောတွေ့ပေမယ့် ဇီဒန်း ပြန်လည်ရောက်ရှိလာချိန်မှာတော့ လုပ်ပိုင်းခွင့်တွေ အားလုံးကို ပိုင်ဆိုင်ထားတဲ့ ဇီဒန်းဟာ ဘေးလ်ကို သဘောတွေ့ခြင်း မရှိပဲ သူ့ကို အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးထားတာပါ။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပထမအကြိမ်နည်းပြစဉ်ကတည်းက ဘေးလ်နဲ့ ဆက်ဆံရေး အဆင်မပြေပါဘူး။ သူဟာ ဝေလ်းကစားသမား ရောင်းထုတ်လိုခဲ့ပြီး ပီရက်ဇ်က မရောင်းလိုခြင်းက ဇီဒန်းထွက်ခွာသွားမှုရဲ့ အဓိက အကြောင်းရင်းလည်းဖြစ်ပါတယ်။

ဇီဒန်းဟာ ဂါရတ်ဘေးလ်လို ကြံ့ခိုင်မှု မကောင်းတဲ့ ကစားသမားကို အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ ထည့်မထားသင့်ဘူးလို့ ယုံကြည်နေတာကြောင့် သူ့အသင်းမှာ ဘေးလ် နေရာရမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဆက်ဆံပုံတွေကို မကျေနပ်တာကြောင့် အသင်းကနေ ထွက်ခွာစေလိုရင် လက်ကျန်စာချုပ်အတိုင်း ပေါင် ၅၁ သန်းပေးချေဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။