မန်ယူဟာ ဘောလုံးရာသီတစ်ခုကို အညံ့ဖျင်းဆုံး အနေအထားတစ်ရပ်နဲ့ ပိတ်သိမ်းထားပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရမှာ မဟုတ်ပေမယ့် အသင်းအပေါ် ပရိသတ်တွေရဲ့ အားပေးမှုကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေဆဲဖြစ်တယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအတွက် မန်ယူရဲ့ တစ်ရာသီစာလက်မှတ်တွေကို ရောင်းချရာမှာ အချိန်တိုအတွင်းမှာဘဲ အကုန်အစင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပရိသတ် ၇၅၀၀၀ ဆံ့ အိုထရတ်ဖိုဒ့်ကွင်းမှာ လက်မှတ် တောင်းဆိုအား အရမ်းမြင့်မားသလို ပရီးမီးယားလိဂ် အသင်းတွေထဲမှာ လူဝင်မှု အမြင့်မားဆုံး အသင်းတွေထဲမှာတော့ ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နေဆဲဖြစ်တယ်။

မန်ယူဟာပြီးခဲ့တဲ့ ရာသီမှာ မော်ရင်ဟိုကို ထုတ်ပယ်ပြီး ဆိုးရှားနဲ့ အစားထိုးခဲ့ရတဲ့အပြင် ရာသီကုန်ချိန်မှာအဆင့် ၆ သာရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့လည်း ၃၂ မှတ်ကွာဟတဲ့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်။

နည်းပြဆိုးရှားဟာ လာမယ့်ရာသီ မန်ယူကိုပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားရာမှာ စိတ်ဝင်စားစရာ အပြောင်းအလဲတွေရှိလာနိုင်ကြောင်း ပရိသတ်တွေက ယူဆနေပြီး စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားတွေကြောင့် တစ်ရာသီစာ လက်မှတ်စောင်ရေ ၅၂၀၀၀ ကို အချိန်တိုအတွင်းမှာ ရောင်းချနိုင်ခဲ့တာဖြစ်တယ်။

မန်ယူဟာ ဥရောပပွဲတွေမှာ အသင်းပရိသတ်တွေကို တိုက်ခိုက်ခံရမှုတွေကို ကာကဖွယ်ဖို့အတွက် အဝေးကွင်းပရိသတ်တွေကို ပိုက်ကွန်ဇကာကွက်နဲ့ ကန့်သတ်ထားမယ့် အစီအစဉ်ကိုလည်း ကြံရွယ်နေပါသေးတယ်။