ဒီနှစ် ဘောလုံးရာသီ အကုန်မှာ မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် စပိန်ကွင်းလယ် ကစားသမား မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် စောင့်ကြည့်နေတယ် အသင်းတွေထဲ နယူးကာဆယ် ပါဝင်လာပါတယ်။

မန်ယူရဲ့ ကွင်းလယ် တောင်ပံ ကစားသမား မာတာဟာ ဒီနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်သက်တမ်း တိုးဖို့ရာ သဘောတူညီမှု မရှာဖွေနိုင်ရင် မကြာခင်မှာပဲ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာခွင့် ရမှာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် စပိန် ကစားသမားကို မန်ယူဘက်က နှစ်တို စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကတော့ စိတ်ဝင်စာခဲ့ခြင်း မရှိပါဘူး။ မာတာရဲ့ လက်ရှိ အခြေအနေကို ဘာစီလိုနာဘက်က စောင့်ကြည့်နေပြီး အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

မာတာရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားရဲ့ဖခင်နဲ့ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ လုပ်ထားခဲ့ပြီး နယူးကာဆယ်ဘက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလာပေမယ့် တိုးတက်တဲ့ အနေအထားတွေကို မသိရသေးပါဘူး။

ထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ မာတာဟာ မန်ယူကနေ ထွက်ခွာ ဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ကလပ်တွေကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ လာလီဂါကိုသာ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သိရပါတယ်။ မာတာဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ပွဲစဉ် အချို့မှာသာ ကစားခွင့်ရထားပါတယ်။