အင်္ဂလန်ဘောလုံးလောကကို မန်စီးတီးအသင်းက အမြဲတမ်း လွှမ်းမိုးထားပြီး ထိပ်တန်းအဆင့်မှာ ရှိနေချင်တယ်လို့ ပြင်သစ်နောက်တန်းလူ လာပေါ်တေးက ပြောလာပါတယ်။

လာပေါ်တေးဟာ ယခုနှစ် ပရီးမီးယားလိဂ် နည်းပြ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရခဲ့ပြီး FA ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ခွင့်ရခဲ့သလို ပြည်တွင်းဖလား၃လုံးကို ရရှိမှုမှာ အဓိကကျတဲ့ အသင်းသားလည်းဖြစ်ပါတယ်။

လာပေါ်တေးက “ အရမ်းကောင်းတဲ့ ဘောလုံးရာသီတစ်ခုပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး အံ့အားစရာ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ FA ဖလားကိုလည်း အနိုင်ရခဲ့ပြီး လာမယ့် ဘောလုံးရာသီအတွက် အကောင်းဆုံး ပြင်ဆင်ရမှာပါ။

ကျွန်တော်တို့က ထိပ်ဆုံးဆိုတဲ့ အဆင့်မှာပဲ အမြဲရပ်တည်ချင်တာပါ။ ကျွန်တော်တို့ အမြဲတန်း ထိပ်တန်းအဆင့်မှာ ရပ်တည်ချင်ပေမယ့် အခြားအသင်းတွေကလည်း ရှိနေတာကြောင့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိတဲ့အတွက် ဆက်ကြိုးစားသွားမှာပါ ” လို့ ပြောခဲ့ပါတယ်။

လာပေါ်တေးက အသင်းကို အောင်မြင်မှုတွေ ယူဆောင်လာပေးတဲ့ နည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။ သူဟာ မန်စီးတီးနဲ့အတူ အောင်မြင်မှုတွေ ရပေမယ်လည်း ပြင်သစ်အသင်းအတွက် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။