ဒီဂီယာဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့သူဖြစ်ပြီး အသင်းက နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ စာချုပ်ကလည်း အဆင်မပြေပါဘူး။ မန်ယူဘက်က ဒီဂီယာကို လာမယ့်ရာသီမှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ပေးမယ့်အစား ယခုနွေရာသီမှာ အသုံးစရိတ်ရရှိအောင် ပေါင်သန်း ၆၀ ဝန်းကျင်နဲ့ ရောင်းထုတ်သွားဖို့ စဉ်းစားလာနေပါတယ်။

ယခုနွေရာသီမှာ အားဖြည့်ဖို့စီစဉ်ထားတဲ့ ညာနောက်ခံလူနေရာအတွက် ပထမဦးစားပေးကစားသမားမှာ ခရစ္စတယ်ပဲလေ့စ်မှ ဝမ်ဘစ်ဆာကာဖြစ်ပြီး ပဲလေ့စ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သတ်မှတ်ထားတဲ့ လူငယ်လေးကို မန်ယူဘက်က ပေါင် ၂၅ သန်းနဲ့ စတင်ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

မာဆေးလ်အသင်းဟာ ၎င်းတို့ရဲ့ကွင်းလယ်လူ ကီဗစ်စထရုမန်းကို အငှားခေါ်ယူနိုင်ကြောင်း မန်ယူနဲ့ အဲဗာတန်တို့ထံ ကမ်းလှမ်းမှု ပို့ခဲ့ပါတယ်။ မန်ယူက ခေါ်ယူဖူးပေမယ့် ရိုးမားကစားသမားဟောင်း စထရုမန်းဟာ ၂၀၁၈ နွေအပြောင်းအရွှေ့တုန်းက မာဆေးလ်ကို ယူရို ၂၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

မန်ယူဟာ ဒန်နီရယ်ဂျိမ်းစ်အတွက် ဆွမ်ဆီးစီးတီးအသင်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပြီး နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ကိုလည်း ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

မန်ယူဟာ ဘရာဇီးကလပ် ဖလူမီနက်စ်အသင်းမှ တိုက်စစ်မှူး ပက်ဒရိုကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ ခေါ်ယူခွင့် အခြေအနေကို ဆက်သွယ်မေးမြန်းမှုတွေ လုပ်ထားပါတယ်။ ဘရာဇီးဘက်ကတော့ အသက် ၂၁ နှစ်အရွယ် ပက်ဒရိုရဲ့ အပြောင်းအရွှေ့ကို ကလပ်အသင်း ဥက္ကဌသစ် ရွေးကောက်ပွဲပြီးမှပဲ ဆုံးဖြတ်သွားမယ်လို့ သတင်းပြန်ထားပါတယ်။

ဆိုးလ်ရှားဟာ ယခုနွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် လူငယ်ကစားသမားတွေကို ပစ်မှတ်ထားနေပါတယ်။ ဒီလစ်၊ ကူလီဘာလီ၊ ဆန်ချိုတို့ကို ကမ်းလှမ်းမှုတွေ လုပ်ထားခဲ့တဲ့ မန်ယူဟာ အင်္ဂလန်လူငယ်နှစ်ဦးဖြစ်တဲ့ ဂျိမ်းစ်နဲ့ လောင်းစတပ်ကိုလည်း အဓိက ပစ်မှတ်ထဲ ထည့်ထားပါတယ်။

နည်းပြ ဆိုးရှားဟာ အသင်းကနေ အလွတ်နဲ့ထွက်ခွာသွားပြီဖြစ်တဲ့ ဟာရဲရားရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာစီလိုနာကြယ်ပွင့် ရာကီတစ်အပေါ်မှာ စိတ်ဝင်စားမှု ထားရှိနေပါတယ်။ အတွေ့အကြုံရင့် ကွင်းလယ်ကစားသမား ရာကီတစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိအောင် အလျင်အမြန် ကြိုးစားမယ်လို့ သိရပါတယ်။