အင်တာမီလန်အသင်းဟာ ပရီးမီးယားလိဂ် မန်နေဂျာဟောင်း ကွန်တီကို မန်နေဂျာအဖြစ် တာဝန်ပေးဖို့ရာ နီးစပ်နေပြီး အီတလီသားကြီးကတော့ သူ့ရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ် လူကာကူကို အင်တာမီလန်ထံ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကွန်တီက လူကာကူ အဲဗာတန်မှာ ရှိနေကတည်းက သဘောကျပြီး ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာ အင်တာမီလန် မန်နေဂျာဘဝနဲ့ ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားဟာ လျှင်မြန်တဲ့ ကောင်တာတိုက်စစ်ကို ပုံဖော်လိုပြီး လူကာကူအစား ရပ်ဖို့ကို နေရာပေးဖို့ပဲ သဘောတွေ့နေပါတယ်။ မန်ယူကစားသမားဘဝ ဒုတိယရာသီမှာ ၁၅ ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့ လူကာကူဟာ နောက်ဆုံး ၈ ပွဲမှာဆိုရင် သွင်းဂိုး မရခဲ့ပါဘူး။

လူကာကူကလည်း မန်ယူမှာ ပုံမှန် နေရာမရနိုင်တဲ့နောက် စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားနေကြောင်း ဝန်ခံထားသူဖြစ်တယ်။

မန်ယူဘက်ကတော့ အရင်နှစ်နှစ်က လူကာကူအတွက် ပေးထားရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းကို ပြန်ရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ အဆင်သင့်ရှိနေပါတယ်။ သူဟာ မန်ယူနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိနေတာ ဖြစ်ပါတယ်။