ရီးရဲလ်ကနေ ဂျူဗင်တပ်သို့ ခရစ္စတီယာနို ရိုနယ်ဒို ပြောင်းရွှေ့စဉ်က ၄င်းကို သံသယရှိခဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ရိုနယ်ဒို အိုမင်းလာခဲ့ပြီလားနဲ့ ထိပ်တန်းခြေစွမ်းမှာ ဆက်ရှိနေသေးလားဆိုပြီး မေးခွန်းတွေ ထုတ်ခဲ့ကြတယ်။

စီးရီးအေက ဥရောပမှာ ဂိုးသွင်းရ အခက်ဆုံးလိဂ်ဖြစ်ပေမယ့် ရိုနယ်ဒိုဟာ ၂၁ ဂိုး သွင်းပြီး စီးရီးအေ အကောင်းဆုံးကစားသမား ဆုပါ ရယူပြခဲ့ပါတယ်။ ၄င်းရဲ့ သွင်းဂိုးတွေကပဲ ဂျူဗင်တပ်ကို စီးရီးအေနဲ့ စူပါကိုပါ အီတလီ ဖလားတွေမှာ ဗိုလ်စွဲစေခဲ့တာပါ။

၎င်းအရည်အချင်းပြသမှုတွေ အစွမ်းပြမှုတွေ ရှိခဲ့ပေမယ့် ရိုနယ်ဒိုက ဒီနှစ် ဘလွန်းဒီအောဆု ထိပ်သီး ရေပန်းစားသူတွေထဲ မပါဝင်နေပါဘူး။ ဒီဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေတာက မက်ဆီပါ။ မက်ဆီက ဒီရာသီ ဂိုး ၅၀ သွင်းထားပါတယ်။ ရိုနယ်ဒိုက ဒီရာသီ ၂၈ ဂိုးပါ။

ပရီးမီးယားလိဂ်ကလပ် အဲဗာတန် တိုက်စစ်မှူးဟောင်း တင် ကာဟေးလ်ကတော့ ရိုနယ်ဒိုက ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပြီး ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ကာဟေးလ်က သူ့ရဲ့အမြင်ကို ပြောပြရာမှာ ” လူအများစု သဘောတူမှာ မဟုတ်ပေမယ့် ရိုနယ်ဒိုလို့ ကျနော် ဘာကြောင့် ပြောရလဲဆိုတော့ သူ ဂျူဗင်တပ်အတွက် လုပ်ပြထားခဲ့တာတွေ ကြောင့်ပါ။ သူ ရီးရဲလ်က ထွက်လာပြီး အဲဒီကို သွားခဲ့တယ်။ မတူညီတဲ့လိဂ်မှာ မတူညီတဲ့ ကစားဟန် စိန်ခေါ်မှုတွေနဲ့။ အဲဒီလိုမျိုး အပြောင်းအလဲတွေ ကြားမှာ တောက်ပလာခဲ့တဲ့သူ ကျနော် တခြားသူ မမြင်မိပါဘူး။

သူက ယူနိုက်တက်မှာရော ရီးရဲလ်မှာပါ နှစ်ပေါင်းများစွာ အခိုင်အမာ အောင်မြင်မှု ရခဲ့တာပါ။ သူ ဒီနှစ် ချန်ပီယံလိဂ် မရဘူးဆိုတာ ကျနော် သိပါတယ်.. ဒါပေမယ့် ကလပ်အသင်းတွက် သက်ရောက်မှုကြီး ဖြစ်စေခဲ့တယ်။ သူ့ အသက်အရွယ်မှာ ဒီလိုမျိုး ဟိုပြောင်း ဒီရွှေ့တခြား ကစားသမားတွေကို ကစားခိုင်းကြည့်ပါလေ.. ကျနော် ဘာပြောပြော တခြားလူတွေ သဘောတူဖို့ ခက်တယ်ဆိုတာ သိတယ်။

ဒါပေမယ့် ကျနော် ရိုနယ်ဒိုရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုကို လေးစား အသိမှတ်ပြုချင်လို့ ပြောတာ ဖြစ်တယ်။” လို့ ကာဟေးလ်က ပြောကြားခဲ့ပါတယ်။