ယူနိုက်တက်ဟာ အိုထရတ်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားတဲ့ ဗလန်စီယာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ 0-0 ဆိုတဲ့ သရေရလဒ်ပဲ ရရှိခဲ့ပါတယ်။ မန်နေဂျာမော်ရင်ညိုအတွက် ဖိအားတွေဖြစ်လာစေတဲ့ ရလဒ်ပဲဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်း လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အင်္ဂလန် U18 လက်ရွေးစင် အသင်းသား ဖြစ်တဲ့ ဂရင်းဝုဒ်က ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ အသက် ၁၇ နှစ် ပြည့်တဲ့ လူငယ် တိုက်စစ်မှူး ဖြစ်ပါတယ်။

အသင်းကြီးတွေနည်းတူ ချန်ပီယံလူငယ်ပြိုင်ပွဲမှာ လူငယ်အသင်းတွေကလည်း ထိပ်တိုက်ယှဉ်ပြိုင်ကြရပြီး ယူနိုက်တက် ယူ-19 အသင်းဟာ ဗလန်စီယာ ယူ-19 အသင်းကို 4-0 နဲ့ အနိုင်ရသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဟော့ဖင်ဟိမ်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာ ပွဲအစ တစ်မိနစ်မှာတင် ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ပထမပိုင်းမှာ ခြေပဂိုးပြန်သွင်းနိုင်ခဲ့သလို ဆေးဗားရဲ့ နောက်ကျသွင်းဂိုးကြောင့်ပဲ 2-1 နဲ့ အနိုင်ရကာ အဖိုးတန်း ရမှတ် 3 မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် လူငယ်ပွဲမှာတော့ ဟော်ဖန်ဟိန်း အသင်းက မန်စီးတီး လူငယ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ စီးတီးလူငယ်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုးပေးရပြီးမှ ချေပဂိုး ၂ ဂိုး ပြန်လိုက်သွင်းနိုင်သော်လည်း နောက်ဆုံးမိနစ် သွင်းဂိုး ၂အပါအ၀င်နဲ့ ပွဲအပြီးမှာ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာပါ။

မန်နေဂျာဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး 5 ပွဲမှာ clean sheet တစ်ပွဲမှ မရရှိထားပါဘူး။

အီတလီအင်အားကြီးကလပ် ဂျူဗင်တပ်ဟာ မန်စီးတီး လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဖီးလ် ဖိုဒန်နဲ့ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စား စောင့်ကြည့်နေကြောင်း Tuttosport သတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးကစားသမား ရှာကွီရီက နာပိုလီကနေ အနိုင်သုံးမှတ်ရယူပြီး အင်္ဂလန်ကို ပြန်လာလိုရင် ပွဲစဉ် မိနစ် 90 လုံးကို အာရုံစူးစိုက်မှုအပြည့် ထားရှိဖို့ လိုအပ်တယ်လို့ သတိပေးစကား ပြောဆိုလိုက်ပါတယ်။ စီးရီးအေလိဂ်မှာ ကျင်လယ်ခဲ့ဖူးတဲ့ ရှာကွီရီက အသင်းဖော်တစ်ဦးလောက်က အာရုံစူးစိုက်မှု လျော့နည်းမယ်ဆိုရင်တောင် နာပိုလီက နာကျင်မှုတွေကို ပေးသွားမှာပါလို့ အသိပေးစကား ပြောလိုက်တာပါ။

လီဗာပူးဂိုးသမား အယ်လီဆန်က ရိုနယ်ဒိုနဲ့ ထိပ်တိုက်မတွေ့ရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုပါတယ်။ မနှစ်တုန်းက လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရိုးမားအသင်းမှာ ပါဝင်ကစားခဲ့စဉ်က နှစ်ကျော့ပေါင်း ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ အယ်လီဆန်ဟာ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရသလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့လို့ ရိုနယ်ဒိုရှိနေတဲ့ ဂျူဗင်တပ်အသင်းနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရခြင်း မရှိတော့ပါဘူး။

လီဗာပူးမန်နေဂျာယာဂင်ကလော့ပ်ဟာ နာပိုလီနဲ့ပွဲမှာ တိုက်စစ်မှူးစတားရစ်ကို ထည့်သွင်းအသုံးပြုနိုင်တယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေ ပျံ့နှံ့လာပါတယ်။ ဒီရာသီ အရန်ခုံကထလာတိုင်း ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ စတားရစ်ဟာ လီဗာပူးအသင်းရဲ့ 4-3-3 ကစားကွက်မှာ နေရာတစ်နေရာရဖို့ ထိုက်တန်တဲ့ ပုံစံကောင်းတွေ ရှိနေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ထုတ် ရေးသားလာကြတာပါ။

ဒီရာသီကုန်လျှင် ချယ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်က ချယ်ဆီးအသင်းဆီက ကမ်းလှမ်းမှု မရပါက ပြောင်းရွှေ့ရန် အသင်းသစ် ရှာဖွေမှုများ ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီကုန်မှာ အသက် ၃၂ နှစ်ရှိသွားမှာ ဖြစ်ပြီး အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ခံစစ်မှူး ဒေးဗစ်လုဇ်ကို တစ်နှစ် သက်တမ်းတိုး ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖွင့်လှစ်ထားတဲ့ ချယ်ဆီးအသင်း ဘောလုံးဖွံဖြိုးရေး ထရိန်နင်စင်တာမှ ပညာသင်ဆုရ ကျောင်းသား Nittikarn Muangkul ဟာ ၄င်းရဲ့ ထူးချွန်မှုကြောင်း အသက် ၁၃ နှစ်အောက် ထိုင်းလက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီ ဖြစ်ကြောင်း သိရပါတယ်။

ဝတ်ဖို့နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ပီတာချက်ဟာ ဒဏ်ရာကြောင့် တလခန့် ဘောလုံးကစားနိုင်မှာ မဟုတ်ဘူးလို့ လန်ဒန်ကလပ်ဘက်က အတည်ပြုလာပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် ပီတာချက်မကစားနိုင်ပေမယ့် အာဆင်နယ်အသင်းအတွက် နွေမှာတုန်းက ခေါ်ယူထားတဲ့ လီနို ပွဲထွက်ကစားပေးခွင့် ရလာမှာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်ကြီး အီရန်ရိုက်က တိုက်စစ်မှူးဝဲလ်ဘတ်ကို ပွဲထွက်ခွင့်တွေ ပိုမိုပေးအပ်ဖို့နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့လိုမယ်လို့ မန်နေဂျာအမ်မရီကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။ ဝဲလ်ဘတ်ဟာ တစ်ရာသီ 8 ဂိုးကနေ 10 ဂိုးထိ သွင်းနိုင်တဲ့ တိုက်စစ်သမားဖြစ်ပြီး တိုက်စစ်ပိုင်း နေရာစုံအသုံးပြုနိုင်ခြင်းဟာ အာဆင်နယ်ရဲ့ ပွဲကြပ်ကာလတွေအတွက် အသုံးဝင်တဲ့ ကစားသမားဖြစ်လာမယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ညာအစွန်လူ ဘယ်လာရင်ဟာ ကမ္ဘာလုံးဆိုင်ရာ အနေအထားအတွက် သူဖြေကြားပေးလိုက်တဲ့ အင်တာဗျူးနဲ့ ပက်သက်ပြီး ချီးကျူးခံနေရပါတယ်။ ဘယ်လာရင်က ဘောလုံးသမားဆိုတဲ့ ပုံရိပ်ကို အသုံးပြုပြီး လက်ရှိနေထိုင်ရာ ကမ္ဘာကြီးကို ပိုမိုဂရုစိုက်ဖို့နဲ့ တာတူညီမျှမှုတွေအတွက် တစ်ဦးကိုတစ်ဦး ကူညီပေးဖို့ လိုအပ်တဲ့နေရာတွေမှာ ပါဝင်ကာ တတ်နိုင်သလောက် ဖေးမရာမှာ ပါဝင်ဖို့ တိုက်တွန်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ပရိသတ်တွေက အသင်းရဲ့ကွင်းလယ်ကစားသမား ရမ်ဆေး အသင်းက ထွက်ခွာလိုရင် ထွက်ခွာခွင့်ပေးလိုက်ဖို့ လူမှုကွန်ယက်တွေကတစ်ဆင့် ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုနေပါတယ်။ ရမ်းဆေးကို ဆုံးရှူံးရခြင်းက ကလပ်အသင်းရဲ့အနာဂတ်ကို မထိခိုက်စေနိုင်ဘူးလို့လည်း ဂန်းနားတို့က ယုံကြည်နေကြတာဖြစ်ပါတယ်။

စပါးတိုက်စစ်မှူး ကိန်းက စပါးအသင်းဟာ စပိန်အင်အားကြီးကလပ် ဘာစီလိုနာကို အနိုင်ယူနိုင်စွမ်း ရှိပြီး လူတွေ ထင်မြင်နေကြတာ (စပါးအသင်း ရှုံးနိမ့်မယ်ဆိုတာ) မှားယွင်းကြောင်း သက်သေပြချင်တယ်လို့ Marca သတင်းစာကနေ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စပါးအသင်းဟာ မနက်ဖြန် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရ ကစားသမားတွေ ဖြစ်တဲ့ အလီ၊ အဲရစ်ဆင်၊ အော်ရီရာ၊ ဗာတွန်ဂန် နဲ့ ဒမ်ဘီလီတို့ ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့် ဒဏ်ရာပြဿနာကို ဆင်ခြေတစ်ခုအဖြစ် သုံးမှာမဟုတ်ဘူးလို့ ပိုချက်တီနိုက ဆိုပါတယ်။ စပါး ဂိုးသမား လိုရစ်​ကတော့ လေ့ကျင့်​ခန်းများ ပြန်​လည်​ပြုလုပ်​နိုင်​နေပြီ ဖြစ်ကာ မနက်ဖြန် ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။

နာပိုလီမန်နေဂျာ အန်ဆယ်လော့တီက လီဗာပူးအသင်းဟာ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါလို့ ချီးကျူးလိုက်ပါတယ်။ နာပိုလီနဲ့ လီဗာပူးအသင်းဟာ ဒီနှစ်အတွက် နွေရာသီကြို ပြင်ဆင်မှုမှာ တွေ့ဆုံထားကြပြီး လီဗာပူးအသင်းက 5-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူထားခဲ့သေးတာဖြစ်ပါတယ်။