ရီးရဲလ် မက်ဒရစ် ဗဟို ဗဟိုခံစစ်မှူး ရာမို့စ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ် နဲ့ စပိန် လက်ရွေးစင် အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်းမှာတည်းက အသင်းက ထွက်ခွာဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်ဖူးပြီး အခုအချိန်မှာတော့ ရာမို့စ် နဲ့ ရီးရဲလ် ဥက္ကဌ ပီရက်ဇ် ဆက်ဆံရေး လုံးဝပြိုကွဲ သွားပြီ ဖြစ်ကြောင်း သတင်းများမှာ ဖော်ပြနေပါတယ်။

ဒီနှစ် အေဂျက်ကို ရှုံးကာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ပွဲအပြီးမှာ ပီရက်ဇ် နဲ့ ရာမို့စ်တို့ဟာ အဝတ်လဲခန်း အတွင်း တစ်ယောက် နဲ့ တစ်ယောက် အကြီး အကျယ် အော်ဟစ်ခဲ့ကြပြီး ရာမို့စ်က “ငါ့ကို လျော်ကြေး ပေးလိုက်။ ငါ ဒီအသင်းက ထွက်သွားမယ်။” လို့ ဒေါသတကြီး ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဦးကြား ဆက်ဆံရေး ပြေလည်သွားခဲ့ပေမယ့် လက်ရှိ စပိန် လာလီဂါ ဘောလုံး ရာသီ ပြီးဆုံးချိန်မှာတော့ ရာမို့စ် တစ်ယောက် အသင်း က ထွက်ခွာ ဖွယ် ရှိကြောင်း သတင်းများ ပြန်လည် ထွက်ပေါ် လာခဲ့တာပါ။

ရာမို့စ်ကို ခေါ်ယူဖို့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတည်းက စိတ်ဝင်စားခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရာမို့စ်ရဲ့ အပြောင်းအရွှေ့ သတင်းများနဲ့အတူ မန်ယူ၊ ပီအက်စ်ဂျီ အသင်းတို့ကလည်း ရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ တာလည်း ဖြစ်ပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ (၃) နှစ် ဆက်တိုက် ချန်ပီယံလိဂ် ဆုဖလား အောင်မြင်မှုအတွက် အသင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့တဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ရာ အနေနဲ့ ရာမို့စ် နဲ့ အတိတ်မှာ ဇာတ်လမ်းများ ရှိခဲ့ဖူးတဲ့ လီဗာပူး အသင်းကလည်း ရာမို့စ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆာလာကို ပြစ်ဒဏ်ဘော ကျူးလွန်ပြီး ကွင်းထဲက ထွက်ခွာသွားစေခဲ့တဲ့ ရာမို့စ်ကို လီဗာပူး ပရိသတ်တွေ အခဲမကြေသေးပါဘူး။

ဆာလာ ထွက်သွားချိန်မှ စပြီး လီဗာပူး တို့ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီး ပွဲအပြီးမှာ ရီးရဲယ် မက်ဒရစ် အသင်းက လီဗာပူး အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ထိုစဉ်ကစလို့ ရာမို့စ်ဟာ လီဗာပူး ပရိသတ်တွေရဲ့ အဓိက ပစ်မှတ် အဖြစ် လှောင် ပြောင် ခြင်းကို ခံခဲ့ရပြီး စပိန် အသင်းနဲ့ အတူ နေရှင်လိဂ် ပြိုင်ပွဲ အဖြစ် ဝင်ဘလေကွင်းမှာ အင်္ဂလန် အသင်းကို လာရောက် ရင်ဆိုင်ချိန်မှာလည်း ရာမို့စ်ကို အင်္ဂလန် ပရိသတ်များက ဝိုင်းဝန်း ပစ်မှတ်ထား လှောင်ပြောင် ခဲ့ကြပါသေးတယ်။

လီဗာပူး အသင်း နည်းပြ ယာဂင်ကလော့ပ်ကလည်း အခွင့် အခါ သင့်တိုင်း ရာမို့စ်ကို ဝေဖန် ပြစ်တင်ခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ အခုလိုပဲ ရာမို့စ် နဲ့ လီဗာပူး တို့ အကြား အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ သတင်းတွေကိုတော့ နှစ်ဦးနှစ်ဖက်လုံးမှ အတည်ပြုရခြင်း မရှိသေးဘဲ မန်ယူ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ အသင်းတို့ကလည်း အသင်းကို အကောင်းဆုံး ဦးဆောင်မှု ပေးနိုင်မယ့် ရာမို့စ်ရဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး စောင့်ကြည့်လျက် ရှိပါတယ်။ ရာမို့စ်ဟာ အသင်းနဲ့ (၂၀၂၀) ခုနှစ် နွေရာသီ အထိ စာချုပ် သက်တမ်း ကျန်ရှိနေပြီး နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးဖို့ အခွင့် အရေး ရှိနေသလို ရာမို့စ်ရဲ့ စာချုပ်ပါ လျော်ကြေးကလည်း ပေါင် သန်း (၈၀၀) အထိ ရှိနေပါတယ်။