ဇွန်လ ၂ ရက်နေ့ အက်သလက်တီကိုကွင်းကြီးထဲမှာ ချန်ပီယံလိဂ်ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်မှု မစတင်ခင် စပါးမန်နေဂျာ ပိုချက်တီနိုက ယာဂင်ကလော့ပ်ကို စကားစစ်ထိုးမှု ပြုလုပ်လာပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းမှာ လီဗာပူးက ပိုင်ဆိုင်တဲ့ ကစားသမားအင်အား၊ ချန်ပီယံလိဂ် သမိုင်းကြောင်းနောက်ခံနဲ့ ယာဂင်ကလော့ပ်ရဲ့ ဥရောပအတွေ့အကြုံ ရင့်မှုတွေအရ စပါးထက် ပိုမိုရေပန်းစားနေတာဖြစ်တယ်။

ပိုချက်တီနိုက “ လီဗာပူးက ရေပန်းစားမှာပေါ့။ သူတို့ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးတွေက မနည်းဘူးလေ။ စံချိန်တင်ကြေးတွေနဲ့ အယ်လီဆန်၊ ဗန်ဒိုက်တို့ကို ခေါ်ထားတာက ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရဖို့ပဲ။ ကျနော်တို့ကတော့ အသင်းသမိုင်းမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးဖို့ပါ။

ဒီပွဲဟာ နှစ်ဘက် နည်းပြတွေရဲ့ နည်းဗျူဟာ အားပြိုင်တဲ့ပွဲတစ်ပွဲဖြစ်တဲ့အပြင် စိတ်ဓာတ်ပိုင်း အားပြိုင်မှုလည်းဖြစ်တယ်။ ပိုမိုတဲ့ စိတ်ဆန္ဒပြင်းပြသူတွေက ချန်ပီယံဖြစ်မှာပါပဲ။ ကျနော်တို့ဟာ အချင်းချင်း အကြိမ်များစွာ ရင်ဆိုင်ခဲ့ဖူးတာကြောင့် တစ်သင်းနဲ့ တစ်သင်းကြားမှာ အံ့သြစရာတော့ မရှိပါဘူး” လို့ ဆိုပါတယ်။

နည်းပြ နှစ်ဦးလုံးဟာ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ ဆုဖလား တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးလို့ မကြာခင် ဗိုလ်လုပွဲမှာတော့ တစ်ဦးက ဆုဖလားကိုင်မြောက်ခွင့် ရသွားတော့မှာ ဖြစ်ပါတယ်။