ကော်ပါဒယ်ရေး ဖလား ဗိုလ်လုပွဲမတိုင်မှီ ဗလင်စီယာနည်းပြ မာဆယ်လီနိုက ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ချီးကျူးစကားဆိုခဲ့သလို တိုက်စစ်မှူးကို ရပ်တန့်ဖို့ရာ နည်းလမ်းရှိတယ်လို့ ဆိုသွားပါတယ်။

ဗလင်စီယာအနေနဲ့ ကော်ပါဒယ်ရေးဖလားကို ကိုင်မြှောက်လိုရင် တိုက်စစ်မှူး မက်ဆီကို ထိန်းထားနိုင်ရမယ်လို့ သူကပြောတယ်။ ဒါပေမယ့်လို့ မက်ဆီကို ထိန်းရမည့်အလုပ်က အတော်လည်း ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ကြောင်း ဝန်ခံသွားခဲ့တယ်။

မာဆယ်လီနိုက “ မက်ဆီကို ဘယ်လိုထိန်းရမယ်ဆိုတာကို နည်းပြအများစုက မသိကြပါဘူး။ သူ့ကို ရင်ဆိုင်ဖို့ အသင်းဘက်က အကောင်းဆုံး တုန့်ပြန်မှာဖြစ်သလို အရေးကြီးဆုံးက ပင်နယ်တီဧရိယာလို နေရာမျိုးတွေမှာ မက်ဆီဝင်လို့မရအောင် တားဆီသွားရမှာပါ။ မက်ဆီကလည်း လူသားပါပဲ။ ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်အနားယူထားတယ်လို့ ကြားထားတယ်။ ကျနော်တို့ အကောင်းဆုံး တုန့်ပြန်ပါမယ် ” လို့ ပြောပါတယ်။

ဗလင်စီယာဟာ ဒီရာသီမှာ အသင်းကောင်းတစ်သင်းအဖြစ် လာလီဂါ အမှတ်ပေးလိဂ်မှာ အဆင့် ၄ နဲ့ ရာသီသိမ်းထားခဲ့တာပါ။ ဗိုလ်လုပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်စ် နှင့် ဒမ်ဘီလီ တို့ပါနိုင်မှာ မဟုတ်သလို ဂိုးသမား တာစတီဂန်လည်း ပါဖို့ မရှိပါဘူး။